Charlie Chaplin (1889-1977)

slide

ဟာသ သရုပ်ဆောင် ချာလီချက်ပလင် ဆို မသိသူမရှိလောက်ဘူးထင်ပါတယ်။ အသံတိတ် အဖြူအမည်းရုပ်ရှင်တွေမှာ ခေတ်နဲ့မလိုက်အောင် လှပဆန်းသစ်တဲ့ ရိုက်ချက်၊ အထူးသဖြင့် သူ့ရယ်ရွှင်လန်းလှတဲ့ ဟာသတို့ကြောင့် ကမ္ဘာကျော်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အနုပညာရှင်သက်တမ်း နှစ် ၇၀ ကျော်အတွင်း ကျော်ကြားမှုတွေ၊ ပြဿနာတွေ မျိုးစုံကြုံတွေ့ခဲ့ရတဲ့ Charlie Chaplin ဟာ ရုပ်ရှင်လောကရဲ့ အရေးပါဆုံး အတော်ဆုံးသူတစ်ယောက် ဖြစ်နေဆဲပါပဲ။ အဲအတွက် Charlie Chaplin ရဲ့ ဘဝအကြောင်း တတ်နိုင်သလောက် ရေးသားတင်ပြလိုက်ပါတယ်။

စာနည်းနည်းတော့ ရှည်ပါတယ်။ ရှဲပြီး မှတ်ထားကြပါ 😀

Ref; Wikipedia, CharlieChaplin.com


ငယ်ဘဝ ကံမကောင်းခဲ့တဲ့ Chaplin

Charlie Chaplin ဟာ မွေးကတည်းက ငယ်ဘဝ မသာယာခဲ့ဘဲ ကျပ်တည်းမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ အမေဖြစ်သူ Hannah Chaplin ဟာ သူ့အရင် လင်ကောင်မပေါ်ပဲ Sydney John Hill ဆိုတဲ့ သားတစ်ယောက် ရထားခဲ့ဖူးတယ်။ အဖေဖြစ်သူ Charles Chaplin Sr. နဲ့ ကွာရှင်းခဲ့တာမျိုး မရှိပေမဲ့ ခွဲနေခဲ့တယ်။ အဖေက ငွေကြေး တစ်စက်မှ မထောက်ပံ့ခဲ့တော့ အမေကပဲ ငွေရှာ ရုန်းကန်နေရလို့ Charlie ပါ အသက် ၉ နှစ်မပြည့်ခင်မှာ အလုပ်ရုံကို နှစ်ခေါက် အပို့ခံခဲ့ရတယ်။ သူ ၁၄ နှစ်ပြည့်ပြန်တော့ အမေက စိတ်ကျန်းမာရေး အကျဉ်းထောင် အပို့ခံခဲ့ရပြန်တယ်။ အဲအတောအတွင်းမှာ Charlie နဲ့ သူ့ညီ Sydney ဟာ သူတို့ သေချာတောင် မရင်းနီး မသိကျွမ်းတဲ့ အဖေ့ဆီမှာ သွားနေခဲ့ရတယ်။ အဲမှာ အဖေကလည်း အရက်ဂျိုးဖြစ်နေသလို သူတို့အပေါ်ဆက်ဆံတာ ဆိုးရွားလွန်းလို့ အမျိုးသား ကလေးသူငယ် ညှင်းပန်းနှိပ်ဆက်မှု ကာကွယ်ရေးအဖွဲ့က အိမ်လာစစ်ရတဲ့အထိပါပဲ။ ဒါပေမဲ့ ၂ နှစ်အကြာမှာပဲ အဖေဖြစ်သူ Charles Chaplin Sr. ဟာ အသည်းရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ အသက် ၃၈ နှစ်ပဲ ရှိပါသေးတယ်။ အမေဖြစ်သူ Hannah ကလည်း အဲအတောအတွင်း ကျန်းမာရေးကောင်းလာလို့ အပြင်ပြန်လွတ်လာလိုက်၊ ပြန်ဖျားလိုက်၊ အပို့ခံရလိုက်နဲ့ ခနခနဖြစ်နေခဲ့ပြီး နောက်ဆုံးတော့ ကုမရတော့လို့ သူသေဆုံးခဲ့တဲ့ ၁၉၂၈ ခုနစ်အထိ ဆေးကုသ ခံနေခဲ့ရပါတယ်။

 

မိဘ နှစ်ပါးလုံးက အနုပညာရှင်တွေဖြစ်တဲ့အတွက် Charlie ဟာ အသက် ၅ နှစ်အရွယ်ကတည်းက ဇာတ်ကတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း အမေ့တိုက်တွန်း အားပေးမှုတို့ကြောင့် အနုပညာဘက်မှာ ပိုစိတ်ဝင်စားလာခဲ့ပြီး အဖေ့ အသိတွေကတစ်ဆင့် Eight Lancashire Lads ဆိုတဲ့ အကအဖွဲ့တစ်ဖွဲ့မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ သူ့ကပြ ဖျော်ဖြေမှုတွေဟာ လူတိုင်းသဘောကျ အားပေးခဲ့ကြလို့နာမည်ရခဲ့ပေမဲ့ Charlie ဟာ အက မှာ အားမရပဲ ဟာသ လူရွှင်တော်ပိုင်းကိုလှည့်ဖို့ ပိုစိတ်အားထက်သန်ခဲ့ပါတယ်။ အကအဖွဲ့နဲ့ နယ်လှည့် ဖျော်ဖြေနေတဲ့ ကာလတစ်လျှောက်လုံး Charlie ကို သူ့အမေက ကျောင်းပညာဘက်ကိုလည်း မလစ်ဟင်းအောင် ဘေးက ထောက်ပံ့ကူညီပေးခဲ့ပေမဲ့ သူ ၁၃ နှစ်အရွယ်မှာတော့ ကျောင်းကထွက်ခဲ့ပါတယ်။ အဲအချိန်ပိုင်းတွေမှာ အမေက ကျန်းမာရေးမကောင်းတော့တဲ့အတွက် ကျရာအလုပ်တွေလုပ်ပြီး ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့သလို တစ်ဖက်မှာလည်း ကိုယ်စိတ်ဝင်စားတဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လည်း ကြိုးစားနေခဲ့ပါတယ်။

၁၄ နှစ်အရွယ်လောက်မှာတော့ Charlie ဟာ London က ပြဇာတ် အေဂျင်စီ တစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ မန်နေဂျာကလည်း Charlie ဟာ ပါရမီရှိတယ်လို့ မြင်မိခဲ့လို့ သရုပ်ဆောင်ခွင့်ပေးခဲ့ပေမဲ့ စီးပွားရေးမကောင်းတဲ့အတွက် ၂ ပတ်အကြာမှာပဲ ပြဇာတ်ရုံ ပိတ်ပစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲအတောအတွင်းက Charlie ရဲ့ သရုပ်ဆောင်ဟန်တွေနဲ့ ပတ်သက်လို့ တော်တော်ကို ချီးမွမ်းခဲ့တဲ့ review တွေ အများကြီးထွက်ခဲ့ပါတယ်။ နောက်တော့ Charles Frohman Production မှာ Billy the Pageboy အဖြစ် သရုပ်ဆောင်ဖျော်ဖြေဖြစ်ခဲ့တာကစလို့ Charlie ဟာ နာမည်လေး နည်းနည်းရလာခဲ့ပါတယ်။ ဒီကြားထဲမှာ ကုမ္ပဏီနဲ့ တွဲလုပ်လိုက်၊ ထွက်ပြီး တစ်ယောက်ထဲလုပ်ကြည့်၊ အဆင်မပြေတော့ ကုမ္ပဏီတစ်ခုနဲ့ ထပ်တွဲလုပ် မျိုးစုံဖြစ်ခဲ့ပါတယ်။ ၁၉၁၃ ခုနစ်မှာတော့ သူ့သရုပ်ဆောင်ဟန်တွေကိုသဘောကျလို့ဆိုပြီး New York Motion Picture Company က သူတို့ရဲ့ Keystone Studio မှာ အလုပ်တွဲလုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ Charlie က Keystone ရဲ့ ဟာသရုပ်ရှင်တွေကို သဘောမကျပေမဲ့ “ဘဝသစ် စရတာပေါ့” ဆိုပြီး တစ်ပတ်လုပ်ခ $150 (2016 ခုနစ်အတွက်ဆို $3,635) နဲ့ စာချုပ်ချုပ်ခဲ့တယ်။


Movie Star ဖြစ်လာချိန်

Keystone မှာ စလုပ်ပြီး ဘာမှမကြာခင်မှာပဲ Charlie ဟာ နာမည်ကြီးလာခဲ့လို့ တခြားကုမ္ပဏီတွေကပါ အလုပ်တွဲလုပ်ဖို့ လာကမ်းလှမ်းတာတွေရောက်လာခဲ့ပါတယ်။ အဲအတွက် သူ့စာချုပ်ကုန်တဲ့ ၁၉၁၅ ခုနစ်မှာတော့ Essanay Company နဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။ လစ အများကြီးတိုးခဲ့တယ်ပေါ့။ နောက်တစ်နှစ်မှာလည်း Charlie ဟာ ကမ်းလှမ်းမှုတွေ အရမ်းများလာခဲ့လို့ လက်ရှိ အနုပညာကြေးထက် အဆပေါင်းများစွာပေးခဲ့တဲ့ Mutual Film Corporation တဲ့ တွဲဖြစ်ခဲ့ပြန်ပါတယ်။ အဲအတွင်း သူရိုက်ဖြစ်ခဲ့တာတွေကတော့ The Floorwalker, The Fireman, The Vagabond, The Count, Behind the Screen နဲ့ The Adventurer စတာတွေ ပါခဲ့ပါတယ်။ ၁၉၁၇ ခုနစ်မှာ Mutual နဲ့ စာချုပ်သက်တမ်းပြည့်ပါတယ်။ အဲမှာတော့ Charlie ဟာ အလုပ်လုပ်တာမှာ ပိုပြီး လွတ်လပ်ခွင့် လိုချင်ခဲ့တယ်။ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီးလုပ်ရင် ကန့်သတ်မှုတွေရှိသလို အချိန်တစ်ခုအတွင်း ဘယ်နှစ်ကားပြီးရမယ်၊ ဇာတ်ကားအပြီးနောက်ကျတယ် စတာတွေက သူ့ ဖန်တီးနိုင်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ဆိုပြီး ကိုယ်ပိုင် အလုပ်ပဲလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ Hollywood ရဲ့ La Brea Avenue မှာ ကိုယ်ပိုင် studios ဆောက်ခဲ့ပါတော့တယ်။

ကိုယ်ပိုင် Studio ဆောက်ပြီးနောက်ပိုင်းမှာတော့ Charlie ဟာ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရခဲ့ပါတယ်။ First National Exhibitor’ Circuit နဲ့ ဒေါ်လာ ၁ သန်းတန် စာချုပ်ချုပ်ဆိုခဲ့ပြီး ရုပ်ရှင် ၈ ကား ဖန်တီးခဲ့တယ်။ ပထမဆုံးကားကတော့ A Dog’s Life ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်လောကရဲ့ ပထမဆုံး အနုပညာအဆန်ဆုံး လက်ရာလို့ သမုတ်ခြင်းခံခဲ့ရတဲ့ထိ အောင်မြင်ခဲ့တယ်။ အဲနောက်ပိုင်း အဲခေတ်က ခေါ်တဲ့ Great War မဟာစစ်ပွဲ (ပထမ ကမ္ဘာစစ်) ကာလဖြစ်တော့ မဟာမိတ်တပ်တို့အတွက် ရန်ပုံငွေရှာဖို့ Third Liberty Bond ဆိုတဲ့ တိုင်းပြည်လှည့် ဖျော်ဖြေခဲ့ပါတယ်။ သူ့နောက်ထွက် ရုပ်ရှင်ကတော့ စစ်ပွဲအခြေခံ Shoulder Arms ဖြစ်ပြီး တာဝန်ရှိသူတွေက စစ်နဲ့ပတ်သက်လို့ မလှောင်ဖို့ သတိပေးခဲ့ပေမဲ့ သူကတော့ ဒီ idea ကိုက စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုပြီး ဆက်လုပ်ခဲ့ပါတယ်။ ၄၅ မိနစ်စာဇာတ်လမ်းအတွက် ၄ လ ရိုက်ခဲ့ရပြီး အရမ်းလည်းအောင်မြင်ခဲ့ပါတယ်.။


Drama ခင်းတဲ့ Chaplin

အဲအတောအတွင်းမှာ Charlie ဟာ ကုမ္ပဏီတွေနဲ့ ပေါင်းတာတွေ၊ ခွဲတာတွေ၊ စာချုပ်တွေနဲ့ ရုန်းကန်ကြိုးစားခဲ့တယ်။ ၁၉၂၃ မှာတော့ သူပထမဆုံး ထုတ်လုပ်တဲ့ ရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကတော့ A Woman in Paris ဖြစ်ပြီး အချစ် ဒရာမာကားပါ။ ထူးခြားတဲ့ နောက်တစ်ချက်ကတော့ Charlie ဟာ ရုပ်ရှင်ပေါင်း ၇၀ ကျော်ရဲ့ ဇာတ်ဝင်ခန်းတိုင်းလိုလိုမှာ ပါဝင်ခဲ့ဖူးပေမဲ့ ဒီကားမှာတော့ ဘယ်သူမှ သတိမထားမိတဲ့ ဖြတ်လျှောက်အဖြစ်ပဲ ပါဝင်ခဲ့တာပါ။ သူမပါပေမဲ့ ရုပ်ရှင်ရဲ့ ရိုက်ကူးတင်ဆက်မှုဟာ အနုပညာရှင်တွေ၊ ရုပ်ရှင်ဖန်တီးသူ အတတ်ပညာရှင်တွေအတွက် ခေတ်ရှေ့ပြေးရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပြီး အားပေးမှုအပြည့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေကတောာ့ Charlie ရိုက်တယ်ဆိုပေမဲ့ ရုပ်ရှင်မှာ သူသရုပ်မဆောင်တော့ စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ အဲအတွက် ရုံဝင်ငွေပိုင်းမှာ တော်တော်အထိနာခဲ့ပါတယ်။ သို့ပေမဲ့လည်း Charlie ဟာ ဒရမာရုပ်ရှင်တစ်ကား အမြဲရိုက်ကူးထုတ်လုပ်ကြည့်ဖို့ စိတ်အားထက်သန်နေခဲ့တဲ့ အတွက် သူ့ဖန်တီးမှုကို အားရကျေနပ်မှုရှိခဲ့ပါတယ်။ အဲအတွက် ဒီကားပြီးတဲ့နောက် ဟာသကားဘက်ကို ပြန်လှည့်ခဲ့ပါတယ်။


အသံရုပ်ရှင်တွေထဲက City Lights (၁၉၂၃)

City Lights ရုပ်ရှင်ဟာ Chaplin ရဲ့ အခက်ခဲဆုံးနဲ့ အပင်ပမ်းဆုံးရုပ်ရှင်လည်းဖြစ်ပါတယ်။ ရက်ပေါင်း ၁၉၀ ကျော်ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဟာ production ကာလတစ်ခုလုံးဆို ၂ နှစ် ၈ လ ကြာခဲ့ပါတယ်။ နောက်တစ်ခုရှိတာက အဲအချိန်မှာ အသံရုပ်ရှင်တွေ ခေတ်စားနေပါပြီ။ ဒါပေမဲ့ Chaplin ရဲ့ ကမ္ဘာကျော် Tramp ဇာတ်ကောင်ဟာ ဘာစကားမှမပြောဘဲ အမူအရာနဲ့တင် လူမျိုးပေါင်းစုံမရွေး နားလည်လက်ခံနိုင်နေပါတယ်။ အဲမှာမှ အင်္ဂလိပ်စကားပြောလုပ်လိုက်ရင် နိုင်ငံရပ်ခြားက ပရိတ်သတ်တွေအတွက် အခက်အခဲတွေဖြစ်ပြီး စိတ်ဝင်စားမှုလျော့သွားနိုင်တယ်။ အဲအတွက် Chaplin ဟာ ရုပ်ရှင်မှာ အသံဆိုလို့ သူကိုယ်တိုင်ရေးစပ်ထားတဲ့ နောက်ခံတီးလုံးပဲ ထည့်ပြီး ကျန်တာကိုတော့ ခါတိုင်းလုပ်နေကျ အသံတိတ်ရုပ်ရှင်လိုမျိုးပဲ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ သူပင်ပမ်းအားထုတ်ခဲ့ရကျိုးနပ်ခဲ့ရတာကတော့ ရုပ်ရှင်ဟာ ပရိတ်သတ်အားပေးမှုရော ဝင်ငွေအရေပါ အောင်မြင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၃ သန်းလောက် ရခဲ့ပါတယ်။


အငြင်းပွားစရာများနဲ့ နာမည်ကျဆင်းမှု

၁၉၄၀ ခုနစ်ကျော်တွေမှာတော့ Chaplin ဟာ သူ့လုပ်ငန်းအရမှာရော personal life မှာပါ အငြင်းပွားစရာ ပြဿနာတွေ ခနခနတက်ခဲ့ပါတယ်။ ဇာတ်လမ်းစတာကတော့ သူ့ရဲ့ နိုင်ငံရေးအမြင်တွေကို ထုတ်ဖော်ပြသခဲ့မိတဲ့ အချက်ပါ။ အဲအချိန်မှာ သူနဲ့ Nazi Germany က Adolf Hitler နဲ့ ဆင်တူတဲ့အချက်တွေက အရမ်းများတယ်။ နှစ်ယောက်သား ၄ ရက်ပဲခြားပြီးမွေးတယ်။ ငယ်ငယ်က ခက်ခဲကြမ်းတမ်း မွဲတေခဲ့ပေမဲ့ ကြိုးစားအားထုတ်မှုကြောင့် ခုတော့ လူအမြောက်အများကို လွှမ်းမှိုးထားနိုင်ပြီ။ အဲအပြင် နှစ်ယောက်လုံးလည်း နှုတ်ခမ်းမွှေးပုံစံ တူတယ်။ ဒါနဲ့ပဲ Chaplin ဟာ Hitler နဲ့တကွ ဖက်ဆစ်ဝါဒကို လှောင်ပြောင်တဲ့ The Great Dictator ကို ထုတ်လုပ်ဖြစ်ခဲ့တယ်။

The Great Dictator ကို ၂ နှစ်ကြာ ဇာတ်ညွှန်းရေးသားခဲ့ပြီး ဗြိတိန်က ဂျာမနီကို စစ်ကြေငြာပြီး ၆ ရက်အကြာမှာ ရိုက်ကူးရေးစခဲ့တယ်။ အဲအချိန်မှာ Hitler ကို တိုက်ခိုက်လှောင်ပြောင်တာဟာ စွန့်စားရာရောက်ပေမဲ့ သူ့မှာငွေကြေး အရင်းအနှီးအကုန်ရှိတော့ Chaplin က မမူခဲ့ပါဘူး။ ရုပ်ရှင်ကို ရုံတင်တော့ အဲခေတ်က ဝင်ငွေအကောင်းဆုံးကားတစ်ကားဖြစ်ခဲ့ပြီး Oscar ၅ ခု စာရင်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရဲ့ နောက်ဆုံးပိုင်းမှာ ဇာတ်ကောင်က စစ်နဲ့ ဖက်ဆစ်ဝါဒကို အသနားခံတဲ့စကားပြောခဲ့လို့ လူတွေကြားမှာ အငြင်းပွားခဲ့ရပါတယ်။

အဲနောက်ပိုင်းနှစ်တွေမှာတော့ Chaplin ဟာ ပြသနာတွေ တောက်လျှောက်ရင်ဆိုင်ခဲ့ရပြီး တရားခွင် ခနခနရောက်ခဲ့ရပါတယ်။ ဖြစ်ချင်တော့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Joan Barry နဲ့ ဇာတ်လမ်းရှုပ်တာတွေ၊ Barry က Chaplin ရဲ့ကိုယ်ဝန်လွယ်ထားရတယ်ဆိုပေမဲ့ Chaplin က ငြင်းခဲ့တာ စတဲ့အချက်တွေက သူ့ကို နဂိုကတည်းက နိုင်ငံရေးအမြင်တွေနဲ့ပတ်သက်ပြီး ကြည့်မရ မသင်္ကာဖြစ်ခဲ့တဲ့ FBI ဒါရိုက်တာ J. Edgar Hoover အတွက် အကွက်ကောင်းဖြစ်ခဲ့ပါတယ်။ အဲမှာ Chaplin ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကိစ္စတွေအတွက် ပြည်နယ်ဖြတ်ကျော် သယ်ဆောင်မှု စတဲ့ အမှုမျိုးစုံနဲ့ တရားစွဲခံခဲ့ရပြီး တကယ်လို့သာ အမှုရှုံးရင် ထောင် ၂၃ နှစ်ကျခံရဖို့ဆိုတာတွေ ဖြစ်ခဲ့ပါတယ်။ အဲအမှုသတင်းဟာ သတင်းစာခေါင်းစဉ် မျက်နှာဖုံးတွေမှာ နေရာယူခဲ့ပြီး Chaplin လည်း နာမည်အကြီးအကျယ်ကျဆင်းခဲ့တယ်။ နောက်တော့ သွေးစစ်မှုအရ Barry ရဲ့ သမီးဟာ Chaplin ရဲ့သွေးသားဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ အဲသတင်းဟာလည်း FBI ရဲ့ လွှမ်းမိုးမှုအောက်ကနေ သတင်းကြီးဖြစ်ခဲ့ပါတယ်။ အဲကိစ္စအပြီး နှစ်ပတ်အကြာမှာတော့ Chaplin ဟာ ၁၈ နှစ်အရွယ် သူ့တပည့်မလေး Oona O’Neill နဲ့ လက်ထပ်ခဲ့လို့ လူပြောစရာတွေ ထပ်ပေါ်လာပြန်ပါတယ်။


ကွန်မြူနစ်လို့ ပြောခံရတဲ့ Chaplin

Barry မှုခင်းကိစ္စတွေနောက်ပိုင်းမှာ Chaplin ဟာ Monsieur Verdoux ကို ရိုက်ကူးခဲ့တယ်။ ဇာတ်လမ်းက Black comedy ဖြစ်ပြီး ပြင်သစ်ဘဏ်စာရေးတစ်ယောက် အလုပ်ဖြုတ်ခံခဲ့ရရာက မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှိ တစ်ခုလပ်တွေကို လိုက်ယူ၊ သတ်ပစ်တဲ့ဟာပါ။ ဒီကားမှာလည်း Chaplin ဟာ သူ့နိုင်ငံရေး အမြင်တွေ ထည့်ရိုက်ခဲ့ပြီး ဒီတစ်ကားမှာတော့ capitalism ကို တိုက်ခိုက်ခဲ့တယ်။ ကမ္ဘာကြီးဟာ စစ်လက်နက်တွေ အများကြီးရောင်း၊ လူတွေအများကြီးသတ်ဖို့ပဲ လုပ်နေတယ်ဆိုတဲ့ သဘောနဲ့ပါ။ အဲဒီမှာတော့ နဂိုကတည်းက လူထုကြားမှာ နာမည်ပျက်သလိုဖြစ်နေတဲ့ Chaplin ဟာ ပြပြချင်း Premiere မှာပဲ လှောင်ပြောင်အော်ဟစ်တာတွေ ခံခဲ့ရပြီး နောက်ရက်တွေမှာ ရုံပေးမတင်ဖို့အထိတောင် ဝိုင်းတောင်းဆိုတာတွေ ဖြစ်ခဲ့ပါတယ်။

Capitalism ကိုတိုက်ခိုက်တာတွေပါတဲ့အတွက် Chaplin ဟာ ကွန်မြူနစ်ဝါဒီဆိုပြီး စွပ်စွဲတာတွေ ဖြစ်လာပါတယ်။ အဲအတောအတွင်းမှာ တခြား ကွန်မြူနစ်ဝါဒီလို့ ထင်ရတဲ့သူတွေနဲ့ မိတ်ဆွေတွေဖြစ်နေတာ၊ ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုတိယ စစ်မျက်နှာဖွင့်ပြီး Soviet ပြည်ထောင်စုကို ကူညီပေးဖို့ လှုံ့ဆော်တာတွေလည်းရှိနေတာ၊ Soviet သံတမန်တွေရဲ့ ပွဲတွေ တက်တာ စတဲ့အချက်တွေကလည်း ပိုပြီးထောက်ပံ့ပေးနေခဲ့ပါတယ်။ အဲဒါမို့ FBI က Chaplin ကို နိုင်ငံတွင်းက ထွက်သွားစေချင်ခဲ့လို့ ၁၉၄၇ မှာတော့ တရားဝင် စစ်ဆေးမှု စခဲ့ပါတယ်။ Chaplin ဟာ ကွန်မြူနစ်မဟုတ်ကြောင်း ငြင်းဆိုခဲ့ပေမဲ့ စစ်အေးစတင်ဖို့ ဖြစ်နေတဲ့ကာလလည်းဖြစ်၊ ဒီအကြောင်း သတင်းမှာလည်း ဟိုးလေးတစ်ကြော်လည်းဖြစ်နေတော့ နောက်ဆုံးတော့ သူ့ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုလာခဲ့ကြပါတယ်။


ပြည်နှင်ခံရခြင်း

၁၉၅၁ မှာတော့ Chaplin ဟာ အရမ်း serious ဖြစ်တဲ့ ရုပ်ရှင် Limelight ကိုရိုက်ကူးခဲ့ပါတယ်။ ၁၉၅၂ မှာ premiere ပွဲကို ရုပ်ရှင်ဇာတ်အိမ်တည်ထားတဲ့ London မှာ ပြဖို့အတွက် Chaplin နဲ့ မိသားစုဟာ New York မြို့နေ သင်္ဘောစီးပြီး ထွက်လာခဲ့တယ်။ နောက်နေ့မှာတော့ Attorney General James P. McGranery က Chaplin ရဲ့ ပြည်ဝင်ခွင့်ကို ပိတ်သိမ်းပစ်ခဲ့ပြီး US ကိုပြန်လာဖို့အတွက် Chaplin ဟာ သူ့နိုင်ငံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အယူဝါဒနဲ့ ပတ်သက်လို့ interview တစ်ခုလုပ်ရပါမယ်လို့ ကြေငြာခဲ့ပါတယ်။ တကယ်ဆိုရင်တော့ US အစိုးရနဲ့ FBI မှာရှိနေတဲ့ အထောက်အထားတွေက Chaplin ကိုပြည်ဝင်ခွင့်ပိတ်နိုင်လောက်တဲ့ထိ ခိုင်လုံမှုမရှိပါဘူး။ Interview ဝင်လိုက်ရင်တောင် US ကိုပြန်လာနိုင်ချေများခဲ့ပေမဲ့ Chaplin ဟာ သတင်းကြားကြားချင်းမှာပဲ US ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


Switzerland ရောက် Chaplin

Chaplin ဟာ ပြည်ဝင်ခွင့်ပိတ်ခံရပြီးနောက်ပိုင်း US ကိုပြန်ဖို့ လုံးဝမကြိုးစားခဲ့ပဲ ကိစ္စရပ်တွေရှင်းလင်းဖို့ ဇနီးကိုပဲ စေလွှတ်ခဲ့ပါတယ်။ နောက်တော့ Chaplin မိသားစုဟာ Switzerland က Geneva ရေကန်ကို မျက်နှာမူထားတဲ့ ၃၅ ဧက ကျယ် Manoir de Ban ခြံကြီးမှာ နေထိုင်ခဲ့ကြပါတယ်။ Hollywood က သူ့ studio နဲ့ နေအိမ်ကို ရောင်းပစ်ခဲ့သလို ဇနီးဖြစ်သူကလည်း အမေရိကန်နိုင်ငံသားအဖြစ်က စွန့်လွှတ်ပြီး ဗြိတိန်နိုင်ငံသား ခံယူခဲ့တယ်။

နောက်တော့ Chaplin ဟာ A King in New York ရုပ်ရှင်ကို ဖန်တီးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပြည်နှင်ဒဏ်ခံလို့ ထွက်ပြေးလာရတဲ့ ဘုရင်တစ်ပါး New York မှာ ခိုလှုံခွင့်တောင်းတဲ့အကြောင်းပါ။ ရုပ်ရှင်မှာ သူ့တရားခွင်နဲ့ စွပ်စွဲမှုတွေက အတွေ့အကြုံတွေကို ထည့်သွင်းခဲ့လို့ ဒီကားဟာ Chaplin ရဲ့ personal အဆန်ဆုံးကားလည်းဖြစ်ခဲ့ပါတယ်။ A King in New York ကို အထူးပွဲပြတော့ အမေရိကန် ဂျာနယ်လစ်တွေ သတင်းမယူဖို့ တားမြစ်ခဲ့ပါတယ်။

၁၉၆၀ ခုနစ်တွေကျော်လာတဲ့အခါမှာတော့ US မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ခံယူချက်တွေ သဘောထားတွေ ပြောင်းလဲလာခဲ့ပါတယ်။ အဲအချိန်မှာတော့ လူတွေရဲ့ အာရုံဟာ Chaplin ရဲ့ နိုင်ငံအရေးအမြင်တွေထက် သူဖန်တီးတဲ့ အနုပညာတွေပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။ “လူတွေ မေ့ပျောက်ခဲ့ကြတဲ့ Tramp လေးတစ်ယောက် အမေရိကန်မြေဆိပ်ကမ်းတစ်ခုမှာ သင်္ဘောလေးစီးပြီးဖြစ်ဖြစ် ဝေဟင်မှာလေယာဉ်စီးပြီးဖြစ်ဖြစ် လွတ်လွတ်လပ်လပ်သွားလာခွင့်ရခဲ့မယ်ဆိုရင်လည်း ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ အန္တရာယ်တွေဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံပါတယ်” လို့ The New York Times က ရေးသားခဲ့ပါတယ်။


Chaplin ရဲ့ နောက်ဆုံးခရီး

Chaplin ဟာ ၁၉၆၇ မှာ သူ့နောက်ဆုံးလက်ရာဖြစ်တဲ့ A Countess from Hong Kong ကိုပြသခဲ့ပါတယ်။ အဲတောအတွင်းမှာ ကျန်းမာရေး မကောင်းဖြစ်ခဲ့တဲ့ Chaplin ဟာ ၁၉၇၇ မှာတော့ တော်တော်ဆိုးရွားလာခဲ့ပြီး ၁၉၇၇ ခုနစ် ဒီဇင်ဘာလ ၂၅ ရက် မနက်အစောပိုင်း အိပ်စက်ရင်း သေဆုံးခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် ၈၈ နှစ် ရှိခဲ့ပါတယ်။ နောက် ဆုံးပါးသွားချိန်မှာတော့ Oona O’Neill နဲ့ ထွန်းကားခဲ့တဲ့ ကလေး ၈ ယောက်နဲ့အတူ အိမ်ထောင်သက် မကြာခဲ့တဲ့ Lita Grey နဲ့ရတဲ့ သားတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

၂၇ ရက်မှာလုပ်ခဲ့တဲ့ သူ့အသုဘဟာ လူအများကြီးမပါတဲ့ အတိုချုံးပွဲလေးပဲ လုပ်ဖြစ်ခဲ့ပါတယ်။၁၉၇၈ ခုနစ် မတ်လမှာတော့ Chaplin ရဲ့ အလောင်းဟာ မြှုပ်နှံထားတဲ့ Consier-sur-Vevey သင်္ချိုင်းကနေ တူးဖော်ခိုးယူခံခဲ့ရပါတယ်။ လူနှစ်ယောက်က တူးယူခဲ့တာဖြစ်ပြီး ကျန်ရစ်သူ မုဆိုးမ Oona Chaplin ဆီက ငွေတောင်းဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ ကြီးမားလှတဲ့ ရှာဖွေဖမ်းဆီးရေးကြောင့် မေလ မှာ အဖမ်းခံခဲ့ရပြီး Chaplin ရဲ့ အခေါင်းကိုလည်း Noville ရွာက လယ်ထဲမှာ ရှာတွေ့ခဲ့ကြပါတယ်။ ဒါကြောင့် အခေါင်းကို Corsier သချိုင်းမှာပဲ ကွန်ကရစ် အထူအုပ်ပြီး ပြန်မြှုပ်နှံခဲ့ပါတယ်။


 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *