Green Lantern : Hal Jordan (DC Comics)

slide

 

DC Comics ရဲ့ နာမည်ကျော် ဂရိတ်ကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Green Lantern အကြောင်းပါ။ Human Green Lantern တွေ တစ်ယောက်ထက်မက ရှိတဲ့အထဲကမှ ပထမဆုံး Human Green Lantern ဖြစ်တဲ့ Hal Jordan အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Hal Jordan ကို မင်းသား Ryan Raynolds ရဲ့ Green Lantern ရုပ်ရှင်နဲ့လည်း ရင်းနှီးပြီးသားဖြစ်မှာပါ။ လိုတာ မှားတာပါရင် ဝင်ရောက်ဖြည့်စွက်ပေးကြပါဦး။

Ref; DC Wiki


Alan Scott Green Lantern

Hal Jordan ကို စာရေးဆရာ John Broome နဲ့ ကာတွန်းဆရာ Gil Kane တို့က ဖန်တီးခဲ့တာဖြစ်ပြီး 1959 ခုနစ်ထုတ် Showcase စာအုပ်အမှတ် 22 မှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ Hal Jordan ဟာ တကယ်တော့ 1940 ခုနစ်တွေတုန်းက စာအုပ်တွေမှာ Alan Scott ဆိုတဲ့ နာမည်နဲ့ Green Lantern အဖြစ်ပါဝင်ခဲ့တဲ့ ဇာတ်ကောင်ကို ပြန်ပြင်ဆင် အသက်သွင်းထားတာလည်းဖြစ်ပါတယ်။ 2011 ခုနစ်က IGN ရဲ့ Top 100 Comic Book Heroes စာရင်းမှာ အမှတ် 7 ချိတ်ခဲ့ပြီး နောက်ထပ် IGN ရဲ့စာရင်းတစ်ခုဖြစ်တဲ့ DC Comic’s Top 25 Heroes မှာ အမှတ် 4 ရရှိထားပါတယ်။ Comic ထဲမှာဆိုလည်း Green Lantern တွေထဲမှာမှ အတော်ဆုံးနဲ့ အထက်မြတ်ဆုံး Green Lantern ဖြစ်လောက်တယ်ဆိုတဲ့အထိ သတ်မှတ်ခံပါတယ်။ အဲအပြင်သူဟာ Justice League ကို စတင်တည်ထောင်သူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။


Origins

Hal Jordan ဟာ Coast City မှာ မွေးဖွားခဲ့တာဖြစ်ပြီး မိဘတွေကတော့ Martin Jordan နဲ့ Jessica Jordan တို့ပဲဖြစ်ပါတယ်။ ကလေးသုံးယောက်မှာ အလတ်ဖြစ်ပြီး အကိုဖြစ်သူ Jack နဲ့ ညီဖြစ်သူ Jim တို့ ရှိကြပါတယ်။ ငယ်ငယ်ကတည်းက Test pilot ဖြစ်သူအဖေကို စံနမူနာယူခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက် သူအသက်ငယ်စဉ်မှာပဲ အဖေက မျက်စိရှေ့တင် လေယာဉ်ပျက်ကျပြီး အသက်ဆုံးသွားခဲ့တဲ့အတွက် အဲအဖြစ်အပျက်က သူ့ကို အမြဲခြောက်လန့်နေခဲ့ပါတယ်။ မိသားစုက တားနေပေမဲ့လည်း Hal Jordan ဟာ သူ့အဖေဆန္ဒအတိုင်း သူအသက် 18 နှစ်မွေးနေ့မှာ အမေရိကန်လေတပ် USAF ရဲ့လေယာဉ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

နှစ်ပေါင်းများစွာအကြာမှာတော့ Green Lantern အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Abin Sur လို့ခေါ်တဲ့ ဂြိုလ်သားတစ်ယောက်ဟာ ဒဏ်ရာအကြီးအကျယ်နဲ့အတူ California ရဲ့ သဲကန္တာရတစ်နေရာမှာ ယာဉ်ပျံပျက်ကျပြီးရောက်လာခဲ့တယ်။ သူ့နေရာမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ လူရှာရာမှာတော့ လက်စွပ်က Hal Jordan ကို ရွေးခဲ့တယ်။ ဒါနဲ့ လက်စွပ်နဲ့ သူ့အစွမ်းအာနိသင်တွေအကြောင်း Jordan ကို ရှင်းပြခဲ့ပြီး နောက်တော့ Hal Jordan ဟာ ပထမဆုံး လူသား Green Lantern ဖြစ်လာခဲ့ပါတယ်။ အဲအတွက်သူဟာ Galactic Police ရဲ့ အရာရှိတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့တာဝန်အရ Sector 2814 အတွင်းမှာရှိတဲ့ သက်ရှိတွေအားလုံးကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။ နောက်တော့သူသိလာရတာက တခြား သူ့လိုမျိုးပဲ Green Lantern ပေါင်း 3599 ယောက် စကြဝဋာထဲမှာ ရှိပြီး အားလုံးကို Guardians လို့ခေါ်တဲ့သူတွေက ကြီးကြပ်ပြီး စွမ်းအင်တွေ ပေးစွမ်းနေတယ်ဆိုတာပါ။ နောက်တော့ Jordan ဟာ Green Lantern တွေထဲက အတော်ဆုံးတွေလက်အောက်မှာ သင်ကြားလေ့ကျင့်ခဲ့ပြီး အဲအထဲက သူ့ဆရာအချို့ကတော့ drill sergeant Kilowog နဲ့ Sinestro တို့ပါပါတယ်။ သူသင်ကြားနေဆဲအချိန်မှာပဲ Jordan က သူ့ဆရာ Sinestro ဟာ သူ့မိခင်ဂြိုလ်ဖြစ်တဲ့ Korugar ကို သိမ်းပိုက်အုပ်ချုပ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါနဲ့ ဒီကိစ္စတွေကို Guardian တွေနဲ့ အဖွဲ့ဝင် Green Lantern တွေကို သတင်းပို့ခဲ့ပြီး Sinestro နဲ့ ရင်ဆိုင်ဖြစ်ခဲ့ကာ နောက်ဆုံးတော့ Jordan အနိုင်ရခဲ့တယ်။ တရားစီရင်မှုမှာ ရှုံးနိမ့်ခဲ့ပြီး ပြစ်ဒဏ်အနေနဲ့ Green Lantern အဖွဲ့ထဲကလည်း ထုတ်ပယ်ခံရ၊ Antimatter Universe ရဲ့ Guardians တို့ရဲ့ နယ်နှင်ဒဏ်ကိုလည်း ခံခဲ့ရတဲ့ Sinestro ဟာ Green Lantern Corps ကို အညှိုးထား၊ ရန်သူအဖြစ်ကျိန်ဆိုခဲ့ပြီး လက်စားချေဖို့အတွက် Qward စွမ်းအင်လက်စွပ်ကို ရယူခဲ့ပါတယ်။

Sinestro

Hal Jordan ကတော့ Green Lantern အနေနဲ့ ကြယ်စုတွေကြား ခရီးနှင် ကင်းလှည့်နေတတ်သလို ကမ္ဘာပေါ်မှာဆိုလည်း သူ့အဖေအလုပ်လုပ်ခဲ့တဲ့ Ferris Aircraft ကုမ္ပဏီ မှာ အလုပ်ဝင်နေခဲ့ပါတယ်။ နောက်တော့ သူ့သဌေး Carol Ferris နဲ့ ကြိုက်ခဲ့ပြီး သူ့လျှို့ဝှက်ချက်တွေအကြောင်းကို သူ့ဆီမှာ mechanic အဖြစ်ဝင်လုပ်နေတဲ့ Tom Kalmaku ဆိုတဲ့ အက်စကီးမိုး ကောင်လေးကိုပြောပြဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Green Lantern ဟာ The Flash, Aquaman, Martian Manhunter, Superman, Batman, Wonder Woman တို့နဲ့ အတူပူးပေါင်းပြီး Justice League of America ကို ထူထောင်ခဲ့ပါတယ်။ အဲလိုပဲ Hal ဟာ Oliver Queen (Green Arrow) နဲ့ရော Barry Allen တို့နဲ့ပါ သူငယ်ချင်းကောင်းတွေဖြစ်ပြီး အတူတူပူးတွဲပြီး စွန့်စားခန်းတွေလုပ်လေ့ရှိပါတယ်။


Parallax

Guardians တွေရဲ့ အထူးလျှို့ဝှက်ချက်တွေထဲက တစ်ခုကတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Yellow impurity ဆိုတာ တကယ်တော့ Parallax လို့ခေါ်တဲ့ ရှေးဟောင်း သတ္တဝါကြီးတစ်ကောင်ပါ။ Parallax ကို သူတို့ရဲ့ Central power battery အတွင်းမှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။ Parallax ဟာ စိတ်ပိုင်းဆိုင်ရာမှာ ကြောက်စိတ် Fear ဆိုတာရဲ့ အရုပ်အသွင်နဲ့ဖြစ်တည်နေတဲ့ physical embodiment ပါ။ Will power ကို အသုံးပြုလှုပ်ရှားရတဲ့ Green Lantern တွေရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ Hal Jordan တစ်ယောက် တစ်ရက် သူချစ်ခင်မြတ်နိုးတန်ဖိုးထားရတဲ့ အရာတွေအားလုံးဆုံးရှုံးလိုက်ရတဲ့အချိန်မှာတော့ ကြောက်စိတ်တွေလည်းဖြစ်တဲ့ parallax က သူ့လက်စွပ်ထဲမှာ နေရာယူလာခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းသူ့ကိုလွှမ်းမိုးလာခဲ့ပြီး နောက်ဆုံးမှာတော့ Hal Jordan ဟာ စကြဝဋာတစ်ခုလုံးရဲ့ အဆိုးဝါးဆုံးနဲ့ အရက်စက်ဆုံး villain တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Destruction of Coast City

ဒါကတော့ Reign of Superman ကာလအတွင်းမှာ Cyborg Superman နဲ့ Mongul တို့က Hal Jordan ရဲ့ မွေးရပ် Coast City ကို လုံးဝဖျက်စီးခဲ့ပြီး မြို့ဟာ ဧရာမကျင်းကြီးတစ်ခုအဖြစ်နဲ့ပဲ ကျန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်လာတော့ မြင်လိုက်ရတာကြောင့် Hal Jordan ဟာ တုန်လှုပ်သွားခဲ့ပြီး Mongul နောက်လိုက်၊ နှိမ်နှင်းပစ်ခဲ့တယ်။ နောက်တော့ သူ့မြတ်နိုးရတာတွေ ဆုံးရှုံးကုန်တဲ့အတွက် Hal ဟာ သူ့လက်စွပ်အစွမ်းနဲ့ Coast City ကို ပြန်တည်ဆောက်ဖို့လုပ်တယ်။ ဒါဟာ သူ့လက်စွပ်မှာရှိတဲ့အားထက် အဆများစွာ ပိုတဲ့အင်အားလိုအပ်မှာပါ။ အဲအချိန်မှာ Guardians တွေက projection တစ်ခုလွှတ်ပြီး Hal ကို သူ့လက်စွပ်ကို ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ သုံးတဲ့အတွက် ပြစ်တင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ဆီမှာ စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ချက်ကိစ္စတွေကြောင့် ချက်ချင်းလာသတင်းပို့ဖို့ ခြိမ်းခြောက်ခဲ့တယ်။ အဲမှာ သူ့ဆုံးရှုံးမှုတွေကို နားမလည်ပေးဘဲ လူသားဆန်တာကိုမှ ပစ်ဒဏ်ခတ်မယ်ဆိုတာကြောင့် Hal ဟာ စိတ်ထိခိုက်ပြီး သတိလက်လွတ် ရူးသွပ်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ သူ့ဘဝကိုဖျက်စီးခဲ့တဲ့သူနဲ့ ထိပ်တိုက်တွေ့ရှင်းမလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲလိုပဲ သူ့ဆုံးရှုံးမှုတွေကို ပြန်တည်ဆောက် ပြန်အသက်သွင်းဖို့ လိုအပ်သမျှ စွမ်းအင်တွေအကုန်လုံးယူဖို့ လုပ်ခဲ့တယ်။ သူ့ကိုတားဆီးဖို့ရောက်လာတဲ့ Green lantern Corps တွေထဲက အတော်ဆုံးဆိုသူတွေရောက်လာပေမဲ့ Hal က တစ်ယောက်တည်းနဲ့ အနိုင်ယူပစ်ခဲ့ပြီး သူတို့အားလုံးရဲ့ လက်စွပ်တွေကိုသိမ်းယူခဲ့ပါတယ်။ အလောင်းတွေကိုတော့ အာကသထဲမှာပဲ မျောလွင့်နေအောင် ပစ်ထားခဲ့တယ်။ Green Lantern တွေရဲ့ စခန်းရှိတဲ့ဂြိလ်ဖြစ်တဲ့ Oa ကိုရောက်တော့သူ့ဆရာဖြစ်ခဲ့တဲ့ Kilowog ကို သတ်ခဲ့တယ်။ အဲမှာ နောက်ဆုံး ခံစစ်အဖြစ်နဲ့ ဂြိုလ်မှာဖမ်းဆီးထားတဲ့ Hal ရဲ့ ရန်သူတော်ကြီး Sinestro ကို လွှတ်ပေးခဲ့ပေမဲ့ Hal ရဲ့ ဂုတ်အချိုးခံခဲ့ရတယ်။ ဒါနဲ့ပဲ Hal ဟာ Central Power Battery ထဲက စွမ်းအင်တွေအကုန်စုပ်ယူခဲ့လို့ Guardians တွေလည်း သေခဲ့ရပြီး Green Lantern Corps တစ်ခုလုံး ပျက်စီးသွားခဲ့ပါတယ်။ Hal ကိုယ်တိုင်ကတော့ Parallax အသစ်ဖြစ်လာခဲ့ပါတယ်။

Parallax အဖြစ်နဲ့ Hal ဟာ သူ့အရင်မိတ်ဆွေတွေ မဟာမိတ်တွေအများကြီးနဲ့ ရင်ဆိုင်ခဲ့တယ် Coast City ကို ပြန်တည်ဆောက်ဖို့လုပ်နေရင်းနဲ့ ကမ္ဘာဂြိုလ်ရဲ့ Green Lantern အသစ်ဖြစ်တဲ့ Kyle Rayner နဲ့လည်း ရင်ဆိုင်ခဲ့တယ်။ Universe ကြီးတစ်ခုလုံးကို ပြန်လည်မွေးဖွားစေပြီး အားလုံး ချမ်းသားကြွယ်ဝစေရမယ်၊ power လည်းရစေမယ်ဆိုပြီး ကျန်တဲ့လူတွေကို လိုက်ဆွယ်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာရဲ့ hero တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် နောက်တော့ Hal ရှုံးနိမ့်ခဲ့ပါတယ်။


Powers and Abilities

The Ring

Lantern တို့ရဲ့အရောင်တွေအများကြီးရှိပါတယ်။ အစိမ်းရောင် Lantern လက်စွပ်ဟာ Willpower နဲ့ အသုံးပြုရတာပါ။ တခြားအရောင်တွေအနေနဲ့ Yellow (Fear), Orange (Greed), Red (Rage), Blue (Hope), Black (Death) နဲ့ White (Life) ဆိုပြီးရှိပါတယ်။ နောက်ပိုင်းမှာတော့ Indigo, Phantom ဆိုတာတွေလည်း ရှိလာပါတယ်။

Green Lantern တိုင်းဟာ စွမ်းအားပေါင်းစုံပေးနိုင်တဲ့ လက်စွပ်တွေ တစ်ယောက်တစ်ကွင်းရကြပါတယ်။ ဇာတ်လမ်းတွေထဲမှာ လက်စွပ်ရဲ့ စွမ်းဆောင်နိုင်မှုကို ကန့်သတ်ထားတာမျိုးမရှိပေမဲ့ အနည်းဆုံးတော့ ပျံသန်းနိုင်တာနဲ့ အစိမ်းရောင်လင်းတာတို့တော့ အမြဲတူပါတယ်။ Green Lantern တို့ရဲ့ အမှတ်သင်္ကေတ စွမ်းအင်ကတော့ စိတ်ကူးထဲအရာဝတ္ထုတွေကို တည်ဆောက်အသုံးပြုနိုင်တာဖြစ်ပြီး အဲအရာတွေကိုလည်း Green Lantern က စိတ်နဲ့ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ အရာဝတ္ထုတွေက စိတ်ကူးထဲကအတိုင်းဆိုတော့ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကာကွယ်ဖို့ ဒိုင်းကြီးထုတ်တာတို့၊ ထိုးဖို့ လက်သီးကြီး၊ ကြိုးကိုဖြတ်ဖို့ ဓါး၊ လူကိုဖမ်းဖို့ သံကြိုး အကုန်ပါပဲ။ ဘယ်လိုအရာပဲ ထုတ်ထုတ်၊ ဘယ်လောက်ပဲ ကြီးကြီး အကုန်လုံးက အစိမ်းရောင်ဖြစ်ပါတယ်။

လက်စွပ်အစွမ်းကြောင့် လက်စွပ်ပိုင်ရှင် Green Lantern ဟာ အာကာသထဲမှာ အရမ်းကိုလျှင်မြန်တဲ့နှုန်းနဲ့ သွားလာနိုင်ပါတယ်။ အဲအပြင် လက်စွပ်ဝတ်ထားတဲ့သူကို ဘယ်လိုနေရာဒေသမှာမဆို နေနိုင်အသက်ရှင်နိုင်အောင် လုပ်ပေးပါတယ်။ အဲအပြင် အစားစားရတာ အိပ်ရတာ၊ အညစ်အကြေးစွန့်ရတာတို့လည်း လုပ်စရာမလိုပါဘူး။ နောက် စကြဝဋာထဲက ဘယ်ဘာသာစကားကိုမဆို ဘာသာပြန်ပေးပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက လက်စွပ်က ဒဏ်ရာတွေကို ကုသမပေးနိုင် heal မလုပ်ပေးနိုင်ပါဘူး။ အနာတရမဖြစ်အောင် ကာကွယ် shield လုပ်ပေးတာလောက်ပဲရပါတယ်။ ဆိုတော့ ဆေးပညာတတ်ကျွမ်းတဲ့ Green Lantern တစ်ယောက်က သူ့အစွမ်းနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို ဖန်တီးနိုင်လို့ အသုံးဝင်ပေမဲ့ ဆေးပညာမတတ်တဲ့ Lantern တွေအတွက်တော့ အလကားပါပဲ။

ပြောခဲ့သလိုပဲ လက်စွပ်က Willpower အဓိကဖြစ်တာကြောင့် Lantern ချင်း ယှဉ်ရင် Willpower ပိုမြင့်မား စိတ်ဓာတ်ပိုပြင်းထန်တဲ့သူက ပိုအသာရမှာပါ။ သူ့စိတ်ကူးစိတ်သန်းနဲ့ တီထွင်မှုရှိရင်ရှိသလောက်လည်း လက်စွပ်က အသုံးဝင်မှာဖြစ်ပါတယ်။

Hal Jordan

Hal Jordan ဟာ Green Lantern တစ်ယောက်ဖြစ်တာနဲ့အညီ Willpower က အရမ်းမြင့်မားပါတယ်။ လက်စွပ်ရဲ့အစွမ်းကြောင့်လည်း သူ့စိတ်ကူးနိုင်သမျှ တွေးတောနိုင်သမျှ စိတ်တိုင်းကျတည်ဆောက် အသုံးချနိုင်ပါတယ်။ အဲဒါမှာ Hal ရဲ့ လက်စွပ်အသုံးပြုတည်ဆောက်တဲ့ အရာတွေဟာ စွမ်းအားအမြင့်ဆုံးတည်ဆောက်မှုတွေထဲက ပါပါတယ်။ မိုးပေါ်ပျံနိုင်တယ်။ Boxing လည်းကျွမ်းသလို ခေါင်းဆောင်ကောင်းတစ်ယောက်လည်းဖြစ်တယ်။

Hal Jordan ဟာ Parallax ဖြစ်သွားခဲ့တဲ့အခါမှာတော့ သူဟာ DC Universe ထဲက စွမ်းအားအကြီးဆုံးသူတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ပုံမှန် Green Lantern တစ်ယောက်ရဲ့ အစွမ်းတွေအပြင် time-space ကိုလည်း သူ့စိတ်တိုင်းက ပြုပြင်ပြောင်းလဲလာနိုင်တယ်။ Reality တစ်ခုလုံးကို အကြီးအကျယ် သွေဖီအောင် ပြင်နိုင်ခဲ့ပြီး သူ့ သန်စွမ်းမှုက အဆမတန်မြင့်မားလာလို့ Superman ကိုတောင် တစ်ချက်ထဲထိုးပြီး သတိလစ်အောင် လုပ်နိုင်ခဲ့တဲ့အထိပါပဲ။ ခံနိုင်ရည်အားနဲ့ အာရုံခံစွမ်းအားတွေလည်း ပိုမြင့်မားလာတယ်။ သူ Parallax ဖြစ်လာတော့ Green Lantern တစ်ယောက်ရဲ့ ခံနိုင်ရည်အားလိုပဲတအားကြီး မကွာခဲ့ပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေမှာတော့ ပိုမာလာခဲ့တယ်။ ဒါနဲ့ပဲ သူရှုံးနိမ့်ခဲ့ရတာတွေကလည်း စိတ်ပိုင်းဆိုင်ရာတွေကြောင့်ချည်းပါပဲ။ ဥပမာ သူ့စိတ်နဲ့သူ ရန်ဖြစ်တာ ဝေခွဲမရတာတွေဝေတာတွေဖြစ်လို့ နောက်ဆုံး လက်လျှော့အရှုံးပေးပြီး သွားပုန်းနေခဲ့တာမျိုးပါ။

Hal Jordan as Black Lantern

နောက်တစ်ခုရှိတာက Hal Jordan ဟာ Green Lantern အပြင် Yellow, Blue, White, Black, Red, Orange စတာတို့ရဲ့ Lantern ဖြစ်ခဲ့ပါသေးတယ်။


 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *