Star-Lord (Earth 616) (Marvel Comics)

slide

Star-Lord လို့လူသိများတဲ့ Peter Quill က Marvel Comic ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး Steve Englehart နဲ့ Steve Gan တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ 1976 ခုနစ်ထွက် Marvel Preview #4 မှာ စပွဲထွက်ခဲ့တာဖြစ်ပြီး Guardians of the Galaxy အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ (ဒါပေမဲ့ မူရင်းထွက်ရှိခဲ့တဲ့ GOTG အဖွဲ့ထဲမှာတော့ မပါခဲ့ပါဘူး)


 

J’son

Peter Quill အကြောင်းမပြောခင် အရင်ဆုံး J’son အကြောင်း ပြောချင်ပါတယ်။ J’son ဟာ အာကာသတွင်းက အင်အားကြီး နိုင်ငံတစ်နိုင်ဖြစ်တဲ့ Spartax Empire ကြီးရဲ့ ဘုရင် Eson ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် အိမ်ရှေ့မင်းသားလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အတွေးအခေါ် ခံယူချက်တွေကို သဘောမကျတဲ့အတွက် Council က သူ့ကို ထီးနန်းပေးအပ်တာမလုပ်သေးဘဲ အရင်ဆုံး Empire အနံ့ ပညာသင်စေပါတယ်။ Spartax ရိုးရာအရ နိုင်ငံ့ဘုရင်ဟာ အလုပ်အကုန်လုပ်တတ်ရမှာဖြစ်ပြီး နိုင်ငံအနံ့ ရှိသမျှအလုပ်၊ အခိုင်းအစေ၊ မိုင်းတူးသမား၊ ကဗျာဆရာ အကုန်လုပ်ရပါတယ်။ အထူးသဖြင့် စစ်သည်တော်နဲ့ pilot တို့နေရာတွေမှာ အများကြီးထူးချွန်ရမှာပါ။

အဲအချိန် အိမ်နီးချင်းနိုင်ငံ Shi’ar Empire ရဲ့ မင်္ဂလာပွဲတစ်ပွဲမှာ ဘုရင်မ Lilandra ဟာ Inhuman တွေလက်ချက်နဲ့ လုပ်ကြံခံရဖို့ဖြစ်ခဲ့တော့ Inhuman တွေနဲ့ တွဲသွားတွဲလာလုပ်ဖူးတဲ့ J’son လက်ချက်လို့ အစွပ်စွဲခံရပါတယ်။ ဒါနဲ့ J’son လည်း နယ်နှင်ခံခဲ့ရပြီး ထီးနန်းနဲ့လွဲခဲ့တယ်။ ဒါပေမဲ့ အချိန်အနည်းငယ်ကြာတော့ Spartax Empire နဲ့ Ariguan တို့နဲ့ စစ်မက်ဖြစ်ပွားလေတော့ ခမည်းတော် Eson က J’son ကိုပြန်ခေါ်ပါတယ်။ ဒါနဲ့ J’son တစ်ယောက် အဖေ့ဆီပြန်ရင်း လမ်းမှာ ယာဉ်ပျံပျက်ကျပြီး ကမ္ဘာပေါ်မှာ ဆင်းခဲ့ရတယ်။ အဲမှာ သူယာဉ်ပျံပျက်ကျတဲ့တစ်လျှောက် ကူညီပေးခဲ့တဲ့ Meredith Quill ဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ မကြာခင် ယာဉ်ပျံပြင်ဆင်ပြီးဖြစ်လို့ J’son တစ်ယောက် အိမ်ပြန်သွားပါတယ်။ သူပြန်သွားတဲ့အခါ စိတ်ထိခိုက်နေမှာစိုးလို့ Meredith ရဲ့ သူနဲ့ပတ်သက်နေတဲ့ မှတ်ဥာဏ်တွေအကုန်လုံး ဖျောက်ထားပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိခဲ့တာက Meredith က ကိုယ်ဝန်ရနေပြီဆိုတာပါ။


 

Peter Quill

J’son ထွက်သွားပြီး 9 လလောက်ကြာတော့ Meredith Quill ကလေးမွေးပါတယ်။ အဲအချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် အာကာသတွင်းမှာ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပြီး ဂြိုလ်တွေတော်တော်များများ တစ်တန်းတည်းဖြစ်နေပါတယ်။ မွေးပြီးသိပ်မကြာခင်မှာဘဲ Meredith ဟာ သူ့သားကို ထူးထူးခြားခြား ကြယ်တွေဆီသွားပြချင်တဲ့ စိတ်ဖြစ်ခဲ့ပြီး အပြင်ထွက်၊ ကောင်းကင်ကြီးကိုပြသခဲ့ပါတယ်။

Meredith က Single mother တစ်ယောက်အဖြစ်နဲ့ပဲ Peter ကို 10 နှစ်လောက် ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သူ့သူငယ်ချင်း Lisa Chang နဲ့ သမီး Monica တို့လည်း ကူညီကြပါတယ်။ Peter ကလည်း သိပ္ပံရုပ်ရှင်တွေ အရမ်းကြိုက်ခဲ့ပြီး ကြီးလာရင် အာကာသယာဉ်မှူးတစ်ယောက်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့တစ်ရက်တော့ Peter တစ်ယောက် အပြင်မှာ bully တစ်ယောက်နဲ့ ရန်ဖြစ်ပြီး အိမ်ပြန်လာပါတယ်။ အဲအချိန် ကောင်းကင်ပေါ်က အလင်းတန်းတစ်ခုကျလာပြီး Badoon ဂြိုလ်သားနှစ်ယောက်ဆင်းလာတယ်။ Spartoi မျိုးဆက်သွေးကို သုတ်သင်ရမယ်ဆိုပြီး Meredith ကို လာသတ်တာပါ။ ဂြိုလ်သားနှစ်ယောက်နဲ့ သေဆုံးနေပြီဖြစ်တဲ့ သူ့အမေကို မြင်လိုက်ရတဲ့ Peter တစ်ယောက် ထွက်ပြေးရင်း တွေ့တဲ့ Shotgun တစ်လက်နဲ့ နှစ်ယောက်လုံးကို ပစ်သတ်ခဲ့ပါတယ်။ နောက် သူ့အိမ်ကို ဂြိုလ်သားယာဉ် မဖေါက်ခွဲဖျက်ဆီးလိုက်နိုင်ခင် ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။

ဒါနဲ့ Peter ဟာ မိဘမဲ့ဂေဟာရောက်ခဲ့ရတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ တစ်ရက် ကမ္ဘာကနေထွက်ခွာပြီး သူ့အမေကိုသတ်ခဲ့တဲ့ ဂြိုလ်သားတွေကို ရအောင်ရှာမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီလိုနဲ့ တစ်ရက်တော့ Nasa Commander တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ Lisa ရဲ့ကျေးဇူးနဲ့ Peter ဟာ NASA ဒုံးလွှတ်ဌာနမှာ mechanic တစ်ယောက်အဖြစ် အလုပ်ရခဲ့တယ်။ အဲမှာ သူအားတဲ့အခါတိုင်း simulator တွေနဲ့ ပညာခိုးသင်နေခဲ့တယ်။ ဒါပေမဲ့ တစ်ရက် အာကာသယာဉ်မှူးတစ်ယာက်နဲ့ ရန်ဖြစ်လို့ အလုပ်ဖြုတ်ခံပါတယ်။ အဲမှာ ဒါဟာသူ့နောက်ဆုံးအခွင့်အရေးဆိုပြီး စခန်းမှာရှိတဲ့ Kree ယာဉ်ပျံတစ်စင်းကိုခိုးယူမောင်းနှင်ပြီး ကမ္ဘာက ထွက်သွားပါတယ်။

အာကာသထဲရောက်ပြီးမကြာခင်မှာဘဲ ယာဉ်ပျံပျက်တယ်။ ဂြိုလ်ပတ်လမ်းထဲမှာ သုံးရက်လောက် မျောနေပြီးနောက်တော့ Yondu ဦးဆောင်တဲ့ Pirate အဖွဲ့ ရောက်လာပြီး Peter Quill ယာဉ်ပျံကိုလာလုတယ်။ အဲမှာ Peter က pirate တစ်ဖွဲ့လုံးကို အနိုင်တိုက်ပြီး Yondu ကိုလည်း ကြိုးတုပ်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ Yondu နိုးလာတော့ လွတ်သွားခဲ့ပြီး Peter ကို တိုက်၊ အခုချက်ချင်းအသတ်ခံမလား၊ အာကာသထဲထွက်သွားမလားလို့ မေးခဲ့တယ်။ Peter က သူ့အဖွဲ့မှာ ပါခွင့်ရမလားလို့ မေးခဲ့တယ်။ အဲမှာ Yondu ဟာ Peter ကိုကြည့်ရင်း သူ့လိုပဲ မိဘမရှိအိမ်မရှိ ကောင်လေးတစ်ကောင်လို့ မြင်ခဲ့ပြီး သူ့ယာဉ်ပျံပေါ်မှာ ပေးနေ သန့်ရှင်းရေးလုပ်ခိုင်းခဲ့တယ်။ Peter ကလည်း ထုံးစံအတိုင်း ယာဉ်ပျံပေါ်မှာ ရှိနေတုန်း ရသမျှအကုန်သင်တယ်။

နောက်တော့ Yondu ဟာ Peter Quill ပြောပြတဲ့ Asterion One ဆိုတဲ့ ကမ္ဘာ့ အာကာသယာဉ်ပျံကြီးအကြောင်း ကြားမိလေတော့ အဲယာဉ်ပျံကို Ravengers တွေနဲ့အတူ ဝင်စီးဖို့ Peter ကိုပြောတယ်။ Peter က မရေမရာဖြစ်နေတော့  Yondu က သူ့အမေကိုသတ်သွားတဲ့ Badoon ယာဉ်ပျံတည်နေရာကိုပြနိုင်တဲ့ ကျောက်မျက်တစ်ခုပေးမယ်လို့ ပြောတော့ စိတ်ဝင်စားသွားပြီး Ravenger တွေနဲ့အတူ ယာဉ်ပျံကိုဝင်စီးပြီး ယာဉ်ပေါ်ပါလာတဲ့ Lisa နဲ့ အဖွဲ့ဝင်တွေကို ဖမ်းခဲ့တယ်။ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေဆဲ Peter ဟာ Yondu ဆီက သူပြောတဲ့ ကျောက်မျက်ကို ခိုးပြီး လစ်ထွက်သွားပါတယ်။ ဒါပေမဲ့ လမ်းမှာ စဉ်းစားမိတော့ ဒါလိုမျိုးကိစ္စ သူ့အမေလုပ်စေချင်မှာ မဟုတ်ဘူးလို့ တွေးမိပြီး Asterion One ဆီကိုပြန်၊ Yondu နဲ့အဖွဲ့ကို မောင်းထုတ်ပြီး Lisa နဲ့ အဖွဲ့ကို ကယ်တင်ခဲ့တယ်။ အဲအချိန်ကစပြီး Peter ဟာ လက်စားချေမယ်ဆိုတဲ့ စိတ်ကို ဖျက်ပစ်လိုက်ပါတယ်။ Asterion One အဖွဲ့သားတွေ Xerxes ဂြိုလ်ပေါ်မှာ အခြေချပြီးသွားတဲ့နောက် Star-Lord ဆိုတဲ့ နာမည်ကိုယူပြီး ဘဝကိုရှင်သန်ခဲ့တယ်။


Star-Lord

Peter Quill ဟာ တစ်ချီတော့ သူ့ဖေဖြစ်သူ J’son နဲ့တွေ့ဆုံဖြစ်ခဲ့ပါတယ်။ J’son ဟာလည်း အရင်က Star-Lord ဖြစ်ခဲ့ပါတယ်။ အဲမှာ သူ့ထီးမွေ နန်းမွေတွေအကြောင်း သိခဲ့ရတယ်။ အဲမှာ J’son က Peter ကို Spartax ရဲ့ မင်းသားတစ်ယောက်ဖြစ်လာပြီး သူနဲ့အတူ အုပ်စိုးစေချင်ပေမဲ့ Peter ကတော့ အဲဒီ Galaxy ကြီးရဲ့ ပိုင်ရှင်တစ်ယောက် ဆိုတဲ့ idea ကို သဘောမကျဘဲ ဒီအတိုင်း လွတ်လွတ်လပ်လပ် နေချင်ပါတယ်။ အဲမှာ နှစ်ယောက်သား အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲ့ကြပါတယ်။

ဒါပေမဲ့ All new All different Marvel အကွက်တွေအရ ဇာတ်လမ်းတစ်ပုဒ်မှာတော့ Peter Quill ဟာ Spartoi ပြည်သူတွေ တောင်းဆိုလို့ Spartax တိုင်းပြည် ဘုရင်ဖြစ်လာခဲ့ပါတယ်။ တိုင်းရေးပြည်ရေး၊ နိုင်ငံရေးတွေမှာ မကျွမ်းကျင် ပါရမီမပါတဲ့ Peter Quill တစ်ယောက် တိုင်ပတ်နေတော့ Guardians of the Galaxy အဖွဲ့ကို Rocket က ဦးဆောင်ခဲ့သလို သူ့ စေ့စပ်ထားတဲ့ သတို့သမီးလောင် Kitty က Star-Lord (နောက်ပိုင်းမှာတော့ Star-Lady) အဖြစ် လှုပ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ပြဿနာတွေ အတိုက်အခိုက်တွေ အများကြီးပေါ်ခဲ့ပြီး Peter လည်း ထီးနန်းစွန့်၊ GOTG မှာ ပြန်ပါဖြစ်ခဲ့တယ်။


Powers and Abilities

Peter Quill ဟာ လူသားနဲ့ Spartoi ဂြိုလ်သား ကဗြားမို့လို့ သူ့နှစ်မျိုးပေါင်းစွမ်းအင်တွေက တော်တော်မြင့်ပါတယ်။ သူ့မွေးကတည်းက ပါတဲ့ သာမန် ခွန်အားဟာ လူသားတစ်ယောက်ခွန်အားအမြင့်ဆုံးအဆင့်ရှိပါတယ်။ အဲလိုပဲ သာမန်လူသားတွေထက် သူ့ခန္ဒာကိုယ်က ခံနိုင်ရည်ရှိပြီး သေနတ်ဒဏ်ရာတွေ၊ ထိုးသွင်းဒဏ်ရာတွေ အများကြီးရတောင် လဲမကျသွားနိုင်ပါဘူး။ သူ့ခွန်အားတွေ မြင့်မားသလိုပဲ လျှင်မြန်ဖြတ်လတ်မှု၊ အမောခံနိုင်မှုတို့ကလည်း လူသားတွေထက် ပိုမြင့်တယ်။ အဲလိုပဲ ဦးနောက်ထဲမှာလည်း အတွေးအခေါ် တွက်ချက်မှုတွေကို လူသားတွေထက် အများကြီးပိုမြန်မြန်လုပ်ဆောင်နိုင်တယ်။ Spartoi မျိုးနွယ်တွေဟာ လူသားတွေထက် သက်တမ်း သုံးဆ ပိုရှည်တယ်။ သူ့အဖေ အသက် 100 ပြည့်တုန်းက အသက် 30 အရွယ်လောက်ပဲ ရှိပါတယ်။ Peter Quill က လူနဲ့စပ်ထားတာဆိုတော့ ဘယ်လိုမျိုးလည်း အတိအကျ မပြောထားပေမဲ့ လူတွေထက်တော့အသက်ရှည်မှာပါ။

စွမ်းရည်ပိုင်းမှာဆိုရင်တော့ Peter Quill ဟာ Galaxy တစ်ခုလုံးမှာရှိတဲ့ လက်နက်မျိုးစုံ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ်။ သိုင်းပညာမှာလည်း နည်းတော်တော်များများတတ်တယ်။ ဗျူဟာချတဲ့နေရာမှာလည်း ကျွမ်းကျင်သလို ယာဉ်ပျံမောင်း အရမ်းကျွမ်းတယ်။

အသုံးပြုတဲ ပစ္စည်းကိရိယာတွေမှာဆို သူ့လည်ပင်းမှာ တပ်ထားတဲ့ translator implant ကြောင့် ဂြိုလ်သားမျိုးနွယ် ပေါင်းစုံရဲ့ ဘာသာစကားတွေ နားလည်နိုင်တယ်။ ခြေထောက်မှာတပ်ထားတဲ့ Jet boots တွေကြောင့် ခုန်ပျံကျော်လွှားနိုင်တယ်။ ခေါင်းမှာ တပ်ဆင်အသုံးပြုတဲ့ Space Helmet က ဆိုက်စုံ ဂိုက်စုံ ပြောင်းလဲနိုင်သလို Oxygen လည်းထောက်ပံ့ပေးနိုင်တယ်။ ရုတ်တရက်ပြောင်းလဲသွားတဲ့ ဖိအားတွေကိုလည်း ထိန်းညှိပေးနိုင်တယ်။

သူစီးနင်းတဲ့ “Ship” လို့ နာမည်ပေးထားတဲ့ ယာဉ်ပျံဟာ သက်ရှိတစ်ယောက်ပါ။ Aurora ဆိုတဲ့ သက်ရှိ ကြယ်စင်တစ်ခု ပေါက်ကွဲပြီးတဲ့နောက် Master of the Sun ဆိုတဲ့ ဂြိုလ်သားတစ်ယောက်ရဲ့ လက်ချက်နဲ့ ပေါက်ကွဲသွားတဲ့ ကြယ်ရဲ့ essence တွေဟာ တစ်စုတစ်စည်းတည်းဖြစ်ပြီး ယာဉ်ပျံတစ်စင်းဖြစ်သွားခဲ့ပါတယ်။ အဲယာဉ်ပျံကို Peter Quill ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲလို ယာဉ်ပျံက သက်ရှိကြယ်တစ်ခုဖြစ်နေလို့ Peter ဟာ ယာဉ်ပျံကို စိတ်ထဲကနေ ဆက်သွယ်ချိတ်ဆက် ခိုင်းစေနိုင်ပါတယ်။

သူကိုင်တဲ့ Element Gun ဆိုတဲ့ သေနတ်ဟာ ဓာတ်ကြီး လေးပါး (4 element) ထဲက ကြိုက်တဲ့တစ်ခုရဲ့ စွမ်းအင်နဲ့ ပစ်ခတ်နိုင်တယ်။ အဲသေနတ်ဟာ သူ့အဖေဖြစ်သူ J’son ထားခဲ့တဲ့ဟာပါ။ သေနတ်ထဲမှာ DNA နဲ့ code လုပ်ထားတဲ့အတွက် J’son ရဲ့ တော်ဝင်သွေး ပါတဲ့သူတွေပဲ ကိုင်ဆောင်အသုံးပြုနိုင်တာဖြစ်ပါတယ်။ Comic ထဲမှာတော့ shotgun ဖြစ်ပြီး ရုပ်ရှင်ထဲမှာတော့ ပုံပြောင်းထားတယ်။

Ref; marvel wikia


 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *