Arrival Explained

slide

Arrival ရုပ်ရှင်ဟာ အနည်းငယ်ရှုပ်ထွေး နက်နဲတဲ့ ဇာတ်လမ်းနဲ့အတူ ဒါရိုက်တာရဲ့ ပညာပြ တင်ဆက်မှုကြောင့် နားမလည်တာတွေရှိကြပါတယ်။ အဲအတွက် ဇာတ်လမ်းအကြောင်း တတ်နိုင်သလောက် တင်ပြလိုက်ပါတယ်။ ဆိုတော့ ထုံးစံအတိုင်း Spoiler အပြည့်ပါမှာဖြစ်လို့ သတိပြုကြပါ။ လိုအပ်တာရှိရင်လည်း ဝင်ဖြည့်စွက်ပေးကြပါ။

Admin KPK


Language

ဇာတ်လမ်းရဲ့ အဓိကမှီတည်ချက်က ဘာသာစကားပေါ်မှာပါ။ Human နဲ့ Heptapod တွေကြားက ဘာသာစကားအခက်အခဲကို ဖြေရှင်းဖို့အတွက် Heptapod တွေနဲ့ ဆက်သွယ်ဆက်ဆံနိုင်ဖို့အတွက် ဘာသာဗေဒပညာရှင် Louise က ကြိုးပမ်းရပါတယ်။ အဲမှာပြောတာက ကျွန်တော်တို့ လူသားတွေက စကားပြောတာပဲဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ် အကုန်လုံးက linear အစဉ်လိုက် တစ်ဆက်ထဲ သွားပါတယ်။ Ian ပြောသလိုပဲ ကျွန်တော်တို့တွေ စာတစ်ကြောင်းရေးမယ်ဆိုရင် အဲစာကြောင်းတစ်ကြောင်းယူမဲ့နေရာ၊ ကြာမဲ့အချိန်ဆိုတာရှိပါတယ်။ ဒါပေမဲ့ Heptapod တွေက စာတစ်ကြောင်းလုံးနီးပါး ပြောချင်သမျှ information အကုန်လုံးကို သူတို့စာဖြစ်တဲ့ မှင်အကွင်းတွေ တစ်ကွင်းထဲနဲ့ ရေးနိုင်သလို တစ်ခါရေးရင် ၂ စက္ကန့်လောက်ပဲကြာပြီး ဘာမှလည်း အားထုတ်စရာမလိုပါဘူး။ အဲအတွက် သူတို့ဘာသာစကားက အစဉ်လိုက် တစ်ဆက်ထဲသွားတာမဟုတ် linear မဟုတ်ပါဘူး။

နောက်ထပ် Ian က Louise ကိုပြောခဲ့တဲ့အချက်က သူလေ့လာမိတဲ့ Sapir whorf hypothesis ဆိုတဲ့အကြောင်းပါ။ အဲ သီအိုရီဟာ 1929 ခုနစ်က Edward Sapir ဆိုသူ တင်ပြခဲ့တဲ့ဟာဖြစ်ပြီး ပြောချင်တာက လူတွေရဲ့ အတွေးအခေါ် ဦးနောက်အလုပ်လုပ်ပုံဟာ သူတို့အသုံးပြုတဲ့ ဘာသာစကားနဲ့ဆိုင်တယ်ဆိုတာပါ။ ကိုယ်ပြောဆို အသုံးပြုတဲ့ ဘာသာစကားအပေါ် မှီပြီး တွေးခေါ် သိမြင်ကြတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လူသားတွေက ဘာသာစကားတွေ ကွဲတယ်ဆိုပေမဲ့ အားလုံးက linear တွေပဲဖြစ်နေလို့ ဘာမှသိပ်မထူးခြားပါဘူး။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာ Louise ဟာ သူများတွေထက် Heptapod ဘာသာစကားကို အရမ်းနက်နက်နဲနဲ လေ့လာစူးစမ်းနေခဲ့လို့ Ian က နင်သူတို့ Language နဲ့ အိပ်မက်တွေမက်နေသလား ဆိုပြီး မေးခဲ့တာတွေ့ရမှာပါ။ တကယ်လည်း Louise က Heptapod ဘာသာစကားနဲ့ ရင်းနှီးလာလေလေ သူတို့လိုတွေးခေါ်ဖြစ်လာလေလေဖြစ်ပါတယ်။


Time

Heptapod တွေရဲ့ ဘာသာစကားမှာကအစ စာတစ်ကြောင်းလုံးက တစ်ချိန်ထဲ တစ်ဆက်ထဲမှာပဲဖြစ်ပြက်တဲ့အတွက် အချိန်ဆိုတာဟာလည်း သူတို့အတွက် အားလုံးက တစ်ချိန်ထဲ တစ်ဆက်ထဲမှာပဲ အကုန်ဖြစ်ပြက်တည်ရှိပါတယ်။ အဲအတွက် Heptapod တွေဟာ အတိတ်၊ လက်ရှိနဲ့ အနာဂတ် အကုန်လုံးကို တစ်ချိန်ထဲမှာ သိရှိခံစားနိုင်ကြပါတယ်။ အဲအတွက် သူတို့ဟာ နောက် နှစ် ၃၀၀၀ ကျရင် လူသားတွေရဲ့ အကူအညီလိုအပ်မယ်လို့ သိပြီး သူတို့ကိုလူတွေ လာကူညီနိုင်အောင် အခုကတည်းက လူတွေကို လာကူညီကြတာပါ။

ဒီလိုပဲ Heptapod ဘာသာစကားကို ကျွမ်းကျင်လာတဲ့ Louise ဟာလည်း အတိတ်၊ လက်ရှိနဲ့ အနာဂတ် ကိုသိမြင်လာနိုင်ခဲ့ပါတယ်။ အဲမှာ သူခနခနမြင်မြင်နေရတဲ့ ကင်ဆာဖြစ်နေတဲ့သူ့သမီးဆိုတာ ကျွန်တော်တို့ အစကထင်ခဲ့သလို သူ့အတိတ်က ဖြစ်ရပ်မဟုတ်ဘဲ သူ့အနာဂတ်မှာဖြစ်မဲ့ဟာပါ။ အဲမှာ Predestination လိုမျိုး ရှင်းမရတဲ့ Paradox တွေ ပါလာပါတယ်။ Louise နဲ့ Ian ကို Heptapod တို့က အကွင်းအကွင်းနဲ့ စာတွေအများကြီးတစ်ပြိုင်တည်း ရေးပြလိုက်ပြီး အကုန်ရှုပ်ရှက်ခတ်နေကြတဲ့အချိန် evacuate လုပ်ခါနီးအချိန်အထိ Louise က ဘာသာစကား အကုန်မတတ်သေးပါဘူး။ ဒါပေမဲ့ အချိန် သူ့အနာဂတ်ကို မြင်နိုင်တဲ့အစွမ်းကြောင့် အနာဂတ်ကာလာမှာ သူထုတ်ဝေခဲ့တဲ့ Heptapod Language စာအုပ်အကြောင်းကို မြင်နိုင်သွားခဲ့တယ်။ အဲအတွက် အဲဒီအချိန်မှာ သူက Heptapod language အကုန်တတ်နေပြီမို့လို့ အဲအချိန်က skill ကို အခုကတည်းက ရသွားခဲ့ပြီး စာတွေအကုန်ဖတ်တတ်သွားခဲ့တယ်။ (ဆိုတော့ သင်တန်းဆင်းပြီး ဘွဲ့ရချိန်ကို မြင်နိုင်သိနိုင်လို့ သင်တန်းတောင်မတက်ရသေးဘူး စာအကုန်တတ်သွားတဲ့ပုံစံပေါ့)။

ဒီလိုပဲ စခန်းကို evacuate လုပ်ပြီး တရုတ်နဲ့ အပေါင်းအပါနိုင်ငံတွေက Shell တွေကို ဗြင်းဖို့လုပ်နေကြတဲ့အချိန် Louise လည်းဘာလုပ်ရမှန်းမသိချိန် နောက် ၁၈ လကြာ ကာလကိုမြင်တယ်။ အဲမှာ General Shang က သူ့ကိုယ်ပိုင် ဖုန်းကိုလှမ်းဆက်ပြီး စိတ်ကိုပြောင်းအောင်လုပ်ခဲ့တာ ကျေးဇူးတင်ကြောင်းပြောတယ်။ အခုချိန်မှာ General Shang ရဲ့ private number ကို မသိသေးတဲ့ Louise ကို အနာဂတ်က Shang က သူ့ number ထုတ်ပြတယ်။ နောက် ဘာပြောရမှန်းမသိတဲ့အခါ အနာဂတ်ကာလ Shang က သူ့မိန်းမ မသေခင်ပြောသွားခဲ့တဲ့ “War doesn’t make winners, only widows” ဆိုတဲ့စကားကို ပြောခဲ့တယ်ဆိုပြီး Louise ကိုပြောပြတယ်။ အဲအတွက် Louise ဟာ အခုမလုပ်ရသေးပေမဲ့ အနာဂတ်မှာလုပ်ခဲ့တဲ့ဟာကို လှမ်းကြည့်ပြီး အခုအချိန်မှာလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲမှာ ပြောလို့ရတာတစ်ခုကလည်း ၁၈ လ အကြာမှာ General Shang ကိုယ်တိုင်က Heptapod language ကိုတတ်နေပြီး သူလည်း အချိန်ကို လိုသလိုမြင်နိုင် သိနိုင်နေလောက်ပါပြီ။ အဲအတွက် သူ့ phone number နဲ့ သူ့ကို Louise ဘာပြောခဲ့တယ်ဆိုတာကို Louise ကို ပြောပြဖို့ လိုအပ်မယ်ဆိုတာ တစ်နည်းနည်းနဲ့ သိနေလောက်မှာဖြစ်လို့ ပြန်ပြောပြခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ဆိုတော့ သိတဲ့အတိုင်း paradox တွေပေါ့။


Weapon

Heptapod တွေလာပေးတဲ့ လက်ဆောင်ဆိုတာ သူတို့ဘာသာစကားဖြစ်ပါတယ်။ သူတို့ဘာသာစကားတတ်တဲ့သူဟာ အနာဂတ်ကိုမြင်နိုင်သိနိုင်တဲ့အတွက် လူတွေကိုလက်ဆောင်လာပေးတာဖြစ်ပါတယ်။ ဒီလိုလာကူညီခြင်းအားဖြင့် လူသားတွေလည်း တိုးတက်ပြောင်းလဲမှာဖြစ်ပြီး ဒီလိုမှ နောက် နှစ် ၃၀၀၀ ကျရင် Heptapod တွေကို ပြန်ကူညီနိုင်မှာလို့လည်း ပြောလို့ရပါတယ်။ Louise တစ်ယောက်ထဲနဲ့တင် အနာဂတ်ကိုမြင်နိုင်လို့ စစ်ကြီးဖြစ်မဲ့အဖြစ်က ကာကွယ်နိုင်ခဲ့ပြီး ပြောရရင် ကမ္ဘာကြီးကိုလည်း တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်နိုင်ခဲ့တော့ လူသားအားလုံးသာ မြင်နိုင်သိနိုင်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့ သိကြမဲ့အတိုင်း လူသားတွေဟာ US, China, Russia အကုန်ကွဲပြားနေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုလည်းမရှိ စည်းလုံးမှုလည်းမရှိပါဘူး။ အဲအတွက် လူသားတွေစည်းစည်းလုံးလုံးဖြစ်ကြဖို့အတွက် သူတို့ပေးချင်တဲ့လက်ဆောင် Language ကို အကုန်တစ်နေရာတည်း တစ်ချိန်ထဲမပေးဘဲ ၁၂ နေရာခွဲပြီးပေးတာဖြစ်ပါတယ်။ One of 12 ဆိုတဲ့အတိုင်း ၁၂ ခုလုံးပေါင်းမှ တစ်ခုဖြစ်မဲ့အတွက် နောက်ဆုံးမှာ လူသားအားလုံးစည်းစည်းလုံးလုံးဖြစ်သွားကြရပါတယ်။


Louise

အနာဂတ်ကိုလည်း အကုန်သိမြင်နေနိုင်တဲ့ Louise ဟာ Ian နဲ့ မကြိုက်ကြသေးပေမဲ့ သူတို့ညားမယ်ဆိုတာလည်း သိနေခဲ့ပါတယ်။ အဲလိုပဲ သူတို့ထွန်းကားမဲ့ သမီးလေးဟာလည်း တစ်ချိန်ကျရင် ကင်ဆာဖြစ်ပြီး ဒုက္ခတွေခံစားရ ဆုံးပါးရမယ်ဆိုတာသိပါတယ်။ ကိုယ့်ရင်သွေး တစ်ချိန်မှာခံစားရမယ်မှန်း သေမယ်မှန်းသိသိကြီးနဲ့ မွေးဖွားခဲ့တာကို သိသွားခဲ့တဲ့ Ian က Louise ကို မုန်းတီးခဲ့ပြီး ထားပစ်ခဲ့မယ်ဆိုတာကိုလည်း သိပါတယ်။ “ကိုယ့်ဘဝကို အစက အဆုံး အကုန်သိနေရင် နင်ပြောင်းလဲပစ်ချင်တာရှိမလား” ဆိုပြီး ပြောခဲ့သလို နောက်ဆုံးတော့ Louise က သူ့ဘဝကို သူမြင်နေ သိနေတဲ့အတိုင်းမပြင်ခဲ့ဘဲ လက်ခံခဲ့ပြီး ဒီအတိုင်းလျှောက်လှမ်းသွားခဲ့ပါတယ်။


 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *