The Mummy (2017)

slide

ရှေ့တန်းမှာ ထောက်လှမ်းရေးလုပ်ရင်း ရတနာသိုက်ရှာကြတဲ့ စစ်သားနှစ်ယောက်ကြောင့် အီဂျစ်နိုင်ငံရဲ့ သမိုင်းမှတ်တမ်းတွေမှာပါ ဖျောက်ဖျက်ထားရလောက်အောင် ဆိုးသွမ်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သေခြင်း နတ်ဘုရားနဲ့ အပေးအယူလုပ်ထားတဲ့ အီဂျစ်မင်းသမီးရဲ့ မမ်မီရုပ်အလောင်း တူးဖော်တွေ့ရှိခဲ့တာကစလို့ ပြဿနာတက်ကြပါတော့တယ်။


Review (Minor Spoiler Alert)

The Mummy ရုပ်ရှင်ဟာ 1999 က စထွက်ခဲ့တဲ့ မူရင်း သုံးကားကို ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ Reboot လုပ်နေကျဖြစ်တဲ့ ဒီနေ့ခေတ်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်အများစုလိုပဲ အရင်မူရင်းရဲ့ အောင်မြင်မှုအတိုင်းပြန်ရအောင်နဲ့ ဖြစ်နိုင်ရင် ကျော်နိုင်အောင် ကြိုးစားထားတာမှာ ဒီကားဟာလည်း မအောင်မြင်ခဲ့ဘူးလို့ ပြောရမှာပါ။

အရင်ဆုံး The Mummy reboot အားနည်းချက်ကိုပြောကြည့်ရမယ်ဆိုရင် Universal ရဲ့ ရည်မှန်းချက်ကြီးမားလွန်းမှု (ဒါမှမဟုတ်) နည်းနည်းကြမ်းကြမ်းပြောရရင် လောဘကြီးမှုကြောင့်လို့ ပြောရမှာပါ။ Disney ရဲ့ အောင်မြင်နေပြီဖြစ်တဲ့ Marvel Cinematic Universe (MCU)၊ နောက်ကလိုက်လာနေတဲ့ အရှိန်အဟုန်ရနေပြီဖြစ်တဲ့ Warner Bros. ရဲ့ DC Extended Universe (DCEU) တို့ရဲ့ Universe နဲ့ချီပြီးရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အမှီဆက်လိုက်ဖို့ Universal က သူတို့ဟာသူတို့ Dark Universe (1920 ခုနစ်တွေတုန်းက Universal Monsters) နဲ့ စတင်ပါတယ်။ ဆိုတော့ ခါတိုင်းကားတွေလို သုံးကား Trilogy နဲ့တင်ပြီးသွားလောက်မဲ့ Mummy နဲ့ Dracula ကားလို monster ရုပ်ရှင်တွေကို Universal က အကုန်လုံးကိုချိတ်ဆက်တော့မှာပါ။ အဲဒီအတွက် Dark Universe ကို ဒီကားနဲ့စတဲ့အတွက် တခြား Universe တွေကို အမှီလိုက်နိုင်လောက်တဲ့ အရှိန်ရဖို့ ဒီကားမှာ အများကြီးပျိုး၊ အများကြီး ကြမ်းအောင်ကြိုးစားထားတယ်။ အဲဒီမှာ ရလဒ်က Mummy Theme ပျောက်သွားတာပါ။

.

ဇာတ်လမ်းပိုင်းကိုပြန်ကြည့်မယ်ဆိုရင် Hollywood ကားတော်တော်များများလိုပဲ သူတို့ဘာသာ လုပ်ချင်ရာလုပ်တဲ့ပုံစံ ဖြစ်သလိုလုပ်ထားတယ်။ အဆိုးဆုံးအပိုင်းက Mummy ဆိုပြီး Egypt တစ်ချက်မှ ပါမသွားတာလို့ ပြောလို့ရမယ်ထင်တယ်။ (နောက်ကြောင်းပြန်တဲ့အပိုင်းတွေက လွဲလို့ပေါ့)။ ရုပ်ရှင်က Mummy နဲ့ သူ့ရဲ့ ကလဲ့စားဆိုတဲ့ ပုံစံလုပ်ထားခဲ့ပေမဲ့ ဇာတ်အိမ်ရဲ့အဓိကအပိုင်းတွေက Europe ဖြစ်နေတာတွေ၊ မလိုအပ်တဲ့ Mummy တွေရဲ့ action ခန်းတွေက ရုပ်ရှင်ကို Mummy ကားလို့ မခံစားမိစေဘဲ သာမန် Zombie ကားတစ်ကားလို့ပဲ မြင်စေခဲ့တယ်။ နောက် အပေါ်မှာပြောခဲ့သလို နောက်ထပ်လာမဲ့ ကားတွေကိုပျိုးတဲ့အနေနဲ့ လောကကြီးမှာ Monster တွေ God တွေဘယ်လိုရှိတဲ့အကြောင်း ဘယ်လိုအန္တာရယ်ရှိတဲ့အကြောင်း စတာစတာတွေကို အထူးတလည် ပြောပြရှင်းပြနေတာတွေကလည်း ဇာတ်ကို မလိုအပ်ဘဲ ပိုအီစေတဲ့အချက်တစ်ချက်ပါ။ ကျွန်တော့အမြင်မှာတော့ ဒီကားက Egypt က ရောက်လာတဲ့ Mummy အကြောင်း။ ဆိုတော့ ဇာတ်ကြောင်းကို Mummy နဲ့ Egypt နဲ့ပတ်သက်တဲ့အချက်တွေမှာပဲ focus ထားစေချင်တယ်။ ခုဟာက target scope က ကြီးနေတော့ Mummy ပါတယ်ဆိုရုံလောက်ပဲ ရှိခဲ့လို့ ဘာမှမခံစားခဲ့ရဘူး။ အရင်ကား နှစ်ကားမှာဆို Mummy နဲ့ Egypt အကြောင်းတွေကို အဓိက ထားလို့ ကျွန်တော်ဆို အဲအချိန်ကတည်းက Egypt ရဲ့ mythology တွေမှာ တော်တော်စိတ်ဝင်စားမိခဲ့တာပါ။

နောက်တစ်ခုက အပေါ်မှာပြောခဲ့တဲ့ မလိုအပ်ဘဲ စကားရှည်နေတာတွေလိုမျိုး မလိုအပ်တဲ့ စတန့်တွေ action တွေ ပစ်ထည့်ထားတာပါ။ ဒီအတိုင်း ရတနာသိုက်ရှာရင်း Mummy ရှာတွေ့တာမျိုး၊ Mummy သောင်းကျန်းလို့ ရှုတ်ရှက်ခတ်တာမျိုးတွေမဟုတ်ဘဲ မလိုအပ်တဲ့ Air-strike တွေ၊ ပစ်ခန်းခတ်ခန်းတွေ၊ ရေအောက်မှာ Mummy တွေ လိုက်တာတွေ အများကြီးထည့်ထားတယ်။ ဆိုတော့ Entertaining တော့ဖြစ်ခဲ့ပေမဲ့ Mummy ဆိုတဲ့ monster ကားမဟုတ်ဘဲ Zombie ကားနဲ့ Mission Impossible နဲ့ ရောထားသလိုဖြစ်ခဲ့တယ်။ Production design ပိုင်းတွေမှာတော့ တော်တော်မိုက်တယ်လို့ပြောရမှာပါ။ CGI တွေ၊ Animation တွေနဲ့ art direction ပိုင်းတွေမှာ အပြစ်ပြောစရာမရှိခဲ့ဘူး။ ဒါတွေက ဒီလို Blockbuster အဆင့် ကားမျိုးအတွက် အထူးတလည် ချီးကျူးစရာတော့ မဟုတ်ပါဘူး။

.

သရုပ်ဆောင်ပိုင်းမှာလည်း ရှင်းရှင်းပြောရရင် Action အသားပေး ရုပ်ဖြောင့်ဖြောင့် Tom Cruise ကို ထည့်ထားတာဟာ တော်တော်လွဲမှားတဲ့ ရွေးချယ်မှုလို့လည်းပြောနိုင်တယ်။ အဲလိုရွေးလိုက်တဲ့အတွက် ရုပ်ရှင်မှာ နဂိုစိတ်မဝင်စားသူတွေအဖို့ “ဟယ် Tom Cruise ပါတယ်ကြန်း” ဆိုပြီးဖြစ်သွားရုံလောက်ပဲရှိပါတယ်။ ဇာတ်ကောင်နဲ့က လုံးဝမလိုက်ဖက်ဘူး။ သူ့ပုံက Mission Impossible ထဲကလို သူသိ သူတတ် Ethan ပုံစံနဲ့ အကောင်းဆုံးလိုက်ဖက်ပေမဲ့ အခုသူလုပ်ရတဲ့ ဇာတ်ကောင်က အရင် Branden Fraser ရဲ့ O’ Connell နဲ့ သိပ်မကွာခဲ့ဘူး။ အဲဒီမှာ ဇာတ်ရုပ်က Charisma နဲ့ Confident အပြည့်ရှိ ပြောင်ချော်ချော် O’ Connell လား၊ Charming ဖြစ်ပြီး skill ပြည့်ဝတဲ့ စစ်သား Mort လား မသဲကွဲခဲ့တော့ ကြည့်ရတာ လုံးဝအဆင်မပြေခဲ့ဘူး။ တခြားဇာတ်ကောင် တွေလည်း ထိုနည်းအတူပါပဲ။ အားရစရာမရှိခဲ့ဘူး။ နောက် ဒီအခြေအနေမှာ အားမရစရာတစ်ခုက Mort နဲ့ သူ့ကောင်မလေး Jenny တို့ကြားက chemistry ပါ။ ထပ်နှိုင်းပြောရရင် အရင်ကားတွေမှာ Branden Fraser နဲ့ Rachel Weisz တို့က အင်မတန်လိုက်ဖက် အတွဲညီခဲ့တယ်။ ဒီကားမှာတော့ ကောင်မလေး ဒုက္ခရောက်နေလို့ Mort က အသံပြဲကြီးနဲ့ “No!!!!!!” လို့ အော်နေပေမဲ့ ကျွန်တော့ရင်ထဲမှာတော့ “ဒီကောင် ဘာတွေဖြစ်နေတာလဲ၊ တကယ်လဲ မကြိုက်ဘဲနဲ့” ဆိုပြီး တွေးမိနေခဲ့တယ်။

The Mummy ရုပ်ရှင်ဟာ ကျွန်တော်တို့ အရင်က သိတဲ့ Mummy ပါတဲ့ Monster ကားမဟုတ်ပါဘူး။ Mummy ပါတဲ့ action ကားတစ်ကားပါ။ အဲဒီ action ခန်းတွေ၊ တစ်ချက်တစ်ချက် ထဖေါက်တဲ့ ဟာသအကွက်တွေကြောင့် entertaining တော့ဖြစ်နိုင်ပေမဲ့ သေချာတာကတော့ အရင်ထွက်ခဲ့တဲ့ Mummy ကားတွေလိုမျိုးတော့ ရင်ထဲစွဲနေမှာတော့ မဟုတ်ပါဘူး။


Movie Information:

Director: Alex Kurtzman

Screenplay: David Koepp, Christopher McQuarrie, Dylan Kussman

Top Billed Cast: Tom Cruise, Annabelle Wallis, Sofia Boutella, Jake Johnson, Russell Crowe

Music: Brain Tyler

Cinematography: Ben Seresin

Production: Perfect World Pictures, Secret Hideout, Conspiracy Factory, Sean Daniel Company

Distribution: Universal Pictures

Running Time: 1hr 47mins

Budget: $125 million

Box Office: $295.6 million

Movie Rating:

Datshin: 2.8/5

IMDB: 5.8/10

Rotten Tomatoes: 16%

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *