Guardians of the Galaxy Vol.2 (2017)

slide

Galaxy ကြီးကို တစ်ခါကယ်တင်ပြီးဖြစ်တဲ့ ဗရုတ်သုတ်ခ Guardians အဖွဲ့သားတွေဟာ ကြေးစားအလုပ်တွေ လုပ်ပြီး လှုပ်ရှားနေဆဲပါ။ အဲကြားထဲမှာမှ နဂိုတည်းက မဟုတ်တာပဲ လုပ်တတ်ကြတဲ့အလျေက် ပြဿနာတွေ တောက်လျှောက်တက်ရတဲ့အထဲ Peter Quill လည်း သူ့အဖေနဲ့ ရုတ်တရက် ပြန်တွေ့သလို Galaxy ကြီးကို နောက်တစ်ခါ ထပ်ကယ်ဖို့ ဇာတ်လမ်းတွေဖြစ်လာပြန်ပါတယ်။


Review

Guardians of the Galaxy ပထမကား ထွက်လာတုန်းက မှတ်မိပါသေးတယ်။ တခြား Superhero တွေလို ဥပမာ Superman, Iron Man တို့လို အရမ်းလူသိများ နာမည်ကြီးတဲ့ ဒိတ်ဒိတ်ကြဲ ဇာတ်ကောင်လည်းမပါ၊ အရမ်းနာမည်ကြီးပါတယ်ဆိုတဲ့ (အသံသရုပ်ဆောင်တွေကလွဲလို့) သရုပ်ဆောင်ကြီးတွေလည်း မပါခဲ့ဘူး။ ဒါပေမဲ့ James Gunn ရဲ့ skill ကြောင့် ဒီဗရုတ်သုတ်ခ အမြဲတလွဲလုပ်နေတဲ့ တစ်ယောက်တစ်နေရာစီ လွဲနေတဲ့ ဇာတ်ကောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Guardians of the Galaxy ဟာ MCU ရဲ့ ပျော်စရာအကောင်းဆုံးကားတစ်ကဖြစ်လာခဲ့သလို ကျွန်တော့်အကြိုက်ဆုံး ကားတစ်ကားလည်းဖြစ်ခဲ့တယ်။ ခုတော့ ဘာလိုလိုနဲ့ Vol. 2 ထွက်ခဲ့ပြီပေါ့။

အခုကားက MCU ကားတွေထဲမှာ အရယ်ရဆုံးကားလို့လည်း ပြောလို့ရတယ်။ ဇာတ်လမ်းစ စာတန်းထိုးကတည်းက တခွီခွီနဲ့ ရယ်နေရတာ ဇာတ်လမ်းပြီး စာတန်းထိုးပြီးထဲ့အထိပဲ။ အဖွဲ့လိုက် ဗရုတ်ကျတာ၊ အချင်းချင်းဆဲဆို ရန်ဖြစ်နေတာ၊ တလွဲတွေချည်းလုပ်လုပ်နေတာ စတဲ့အကွက်တွေက ကျန်တဲ့ Superhero ကားတွေလို “Born to be special” ဆိုတဲ့ serious ဖြစ်တဲ့ ပုံဘက်မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ပျော်စရာကောင်းနေလို့ လူငယ်ပရိတ်သတ်တွေနဲ့ တော်တော်ချိတ်ဆက်မိမှာပါ။ ဒါပေမဲ့တချို့ ဟာသအကွက်တွေက နည်းနည်းလေး overused ဖြစ်နေခဲ့တယ်။ ဇာတ်လမ်းပိုင်းမှာ အရင်ကားမှာတုန်းက Guardian အဖွဲ့ဘယ်လိုဖြစ်လာခဲ့သလဲ ပြခဲ့အပြီး အခုကားမှာတော့ အဖွဲ့သားတွေအကြောင်း အဓိကပြထားခဲ့တယ်။ အဖွဲ့ဝင်တွေရဲ့ အတိတ်၊ သူတို့စိတ်ခံစားချက်၊ အရင်ကားမှာ သိပ်မပြခဲ့ရတဲ့ သူတို့အရည်အချင်း စတာတွေကို ပိုပြထားခဲ့လို့ အရင်ကားကလောက် အဖွဲ့လိုက် အတိုင်အဖောက်ညီညီ မျက်နှာပြောင်တာ သိပ်တော့မမြင်ရတော့ဘူး။ အဲလိုပဲ အဖွဲ့သားတွေအကြောင်းပြထားတာကလည်း တော်တော်လေးထိရောက်ခဲ့ပြီး ကြည့်ရှုသူတွေနဲ့ Guardian တွေကြား ကောင်းကောင်း ချိတ်ဆက်ပေးနိုင်ခဲ့တယ်။ အဲဒါကြောင့်ပဲ အဲလောက်ရယ်နေရတဲ့ကား အဲလောက် light ဖြစ်တဲ့ကား ဆိုပေမဲ့ တော်တော်လေး dark ဖြစ်ခဲ့ပြီး emotion တွေ feel တွေကိုလည်း တခြား MCU ကားတွေထက် အများကြီးပိုပေးသွားနိုင်ခဲ့တယ်။ ကျန်တဲ့ ကားတွေမှာဆို Superhero တွေက sidekick တွေ teammate တွေ ရှိတယ်ဆိုပေမဲ့အဖြစ်လောက်ပဲ လုပ်ထားပြီး ကြားက chemistry က Guardian တွေလောက် ထိထိမိမိ မပြနိုင်ခဲ့လို့လည်းပါတယ်ပေါ့။

သရုပ်ဆောင်တဲ့အပိုင်းတွေကတော့ ထုံးစံအတိုင်း ကျွန်တော်တို့ Star Lord Chirs Pratt ကြီးကတော့ လန်ထွက်ဆဲပါ။ သူ့မထိတထိ မျက်နှာပြောင်သလို serious ဆန်သလို သရုပ်ဆောင်ဟန်က ဇာတ်ကောင်နဲ့အလိုက်ဆုံးပဲ။ ဒါပေမဲ့ ဒီကားမှာ သူ့ထက်ပိုသဘောကျမိတာ Draxx ကြီး Dave Bautista ပါ။ ဗလကြီးသလောက် ရုပ်တည်ကြီးနဲ့ အသံပြဲ ကုန်းအော် ကုန်းရယ်လုပ်တာတွေက ဟာသတော်တော်များများကို အသက်ဝင်စေခဲ့တယ်။ (ထ အန်တဲ့အကွက်ကြီးကတော့ သေလို့ရတယ်)။ Rocket ကလည်း တော်တော်မိုက်တယ်။ ဆွဲထားတဲ့ animator တွေကို လေးစားတယ်။ ကျန်တာတွေကတော့ အရင်ကား Theme အတိုင်းပါပဲ။ မီးရောင်စုံ ကာလာစုံ အာကာသဟင်းလင်းပြင်ထဲက Guardian တို့ရဲ့ စွန့်စားခန်းတွေကို ပုံဖော်တာမှာ တစ်ကားလုံးနီးပါးက CGI နဲ့ပြည့်နေတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း CGI အပိုင်း visual effect အပိုင်းတွေမှာ မင်းမူထားတဲ့ Disney တို့ထုံးစံအတိုင်း တစ်နေရာမှအပြစ်ပြောစရာမရှိဘူး။ ဒီလောက်များတဲ့ CGI တွေနဲ့ရုပ်ရှင်ကို ရုပ်မပျက်အောင် ပျင်းဖို့မကောင်းအောင် CGI ပဲများအားကြီးတယ်ဆိုပြီး ပြောစရာမဖြစ်အောင် လုပ်သွားနိုင်တာတော့ သဘောကျတယ်။ နောက် ဒီကားမကြည့်ခင် လန့်နေခဲ့တာက အရမ်း hot ဖြစ်နေတဲ့ ချစ်စရာကောင်းတဲ့ Baby Groot ကို Minion ကားတွေလိုမျိုး အရမ်းသုံးပြီး promote လုပ် overuse လုပ်ထားမှာကိုပါ။ ဒါပေမဲ့ အဲလိုမဖြစ်ဘဲ ပါသင့်သလောက်ပဲ ပါခဲ့လို့ အဆင်ပြေပါတယ်။

Cute Groot

ကျွန်တော် Guardians တွေကိုသဘောကျတာ အပေါ်မှာပြောခဲ့သလိုပဲ။ သူတို့ဟာ တစ်ခုခု ထူးခြားတာ ကောင်းတာလုပ်ဖို့ မွေးလာတဲ့လူတွေ မဟုတ်ခဲ့သလို သူတိုကိုယ်တိုင်လည်း အရမ်းကောင်းတဲ့လူတွေမဟုတ်ဘူး။ အကုန်လုံးက သူ့ဟာနဲ့သူ လွတ်နေတာတွေ အားနည်းချက်တွေ ဖြေမရတဲ့ အတိတ်တွေကိုယ်စီရှိကြတယ်။ အရင်ကားမှာကတည်းက Galaxy ကိုကယ်တာ ဒီတစ်ခေါက်တော့ သောက်ဖက်လေးလုပ်ဦးမှပါလေ ဆိုပြီး ကယ်ဖြစ်ခဲ့တာပဲမလား။ ဒီလို ဗရုတ်သုတ်ခအဖွဲ့ကို ရုပ်ပေါက်တဲ့ဘက်လည်းမရောက်၊ အရမ်းပေါတဲ့ဘက်လည်းမရောက်ဘဲ ပေါချင်းသောချင်းထွက်နေခဲ့တဲ့ ထွက်နေဆဲဖြစ်တဲ့ Superhero ကားတွေ၊ အထူးသဖြင့် အချိန်တန် Hero တွေပဲ နိုင်ကြတဲ့ အပ်ကြောင်းထပ်နေတဲ့ MCU ရုပ်ရှင်တွေကြားထဲမှာ သူ့စတိုင် သူ့ပုံစံနဲ့ ကွဲထွက်အောင်ပြသွားခဲ့တဲ့ James Gunn ကိုလည်း တော်တော်သဘောကျမိပါတယ်။ ဒီကားဟာ အရင်ကားလောက် ဇာတ်လမ်းပိုင်း နည်းနည်းလေးအားမရတာလေးရှိတာကလွဲလို့ ကျန်တာအားလုံး အဆင်ပြေတယ်။ Superhero fan တွေပဲမဟုတ်ဘဲ ပျော်ဖို့ကောင်းတဲ့ sci-fi ကား၊ action ကားကြည့်ချင်သူတွေ သဘောကျမှာပါ။

ကဲ ပိတ်သတ်ကြီးရော ဘယ်လိုမြင်ကြသလဲဗျ။ မန့်သွားကြပါဦး။ Spoiler တော့မလုပ်ကြနဲ့ဗျ။


Movie Information:

Director: James Gunn

Top Billed Cast: Chris Pratt, Zoe Saldana, Dave Bautista, Vin Diesel, Bradley Cooper, Kurt Russell

Production: Marvel Studios

Distribution: Walt Disney Studios Motion Pictures

Budget: $200 million

Box Office: $427.6 million

Run Time: 2hr 16 mins


Movie Ratings:

Datshin: 4.2/5

Rotten Tomatoes: 81%

IMDB: 8.2/10


 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *