Her (2013)

slide

မိန်းမနဲ့ ကွဲကွာခဲ့ပြီးနောက် အထီးကျန်ခြင်းများစွာနဲ့ တစ်ယောက်တည်းနေထိုင်နေတဲ့ စာရေးဆရာ Theodore တစ်ယောက် တစ်နေ့မှာတော့ OS1 လို့ခေါ်တဲ့ Artificial Intelligence ပါဝင်တဲ့ Operation System တစ်ခုကိုဝယ်ယူခဲ့ပြီး အဲ့ဒီ OS နဲ့ မထင်မှတ်ပဲချစ်ကျွမ်းဝင်သွားခဲ့ပြီးတဲ့နောက်မှာတော့ Theodore အတွက်မထင်မှတ်ထားတဲ့ဖြစ်ရပ်တွေဖြစ်လာပါတော့တယ်။


Review

အရင်ဆုံးပြောချင်တာကတော့ Her (2013) ဇာတ်ကားဟာ လူသားတွေနဲ့ နည်းပညာတွေကြားဆက်နွယ်မှုတွေကို မထင်မှတ်ထားတဲ့ရှုထောင့်ကနေရိုက်ကူးတင်ဆက်ပြသထားတဲ့ Drama ကားကောင်းတစ်ကားဖြစ်ပါတယ်။ AI နဲ့ ပက်သက်တဲ့ဇာတ်ကားတွေလဲအများကြီးရှိပေမဲ့ အဲ့ဒီဇာတ်ကားတွေထဲမှာတော့ ဒီဇာတ်ကားဟာ တော်တော်ထူးခြားပါတယ်။

ဒီဇာတ်ကားထဲမှာကြိုက်တဲ့အချက်တစ်ချက်ကတော့ လူ့သဘာဝကို ပေါ်လွင်အောင်ဖော်ပြထားနိုင်ခဲ့ပါတယ်။ လူဆိုတာ တစ်ယောက်တည်းအထီးကျန်နေရင် ကိုယ့်ကိုဂရုစိုက်မဲ့လူ ၊ ကိုယ့်ရဲ့အကြောင်းတွေ ပြောတဲ့စကားတွေကို စိတ်ဝင်တစားနားထောင်ပေးမဲ့လူစသဖြင့် လိုလားတောင့်တကြတာသဘာဝပါပဲ။ ဒါပေမဲ့ ဒီဇာတ်ကားထဲမှာတော့ လူအစား Computer Operation System က Theodore ရဲ့လိုအပ်နေတဲ့ကွက်လပ်တွေကိုဖြည့်ပေးလိုက်နိုင်တဲ့အတွက်ကြောင့် အထီးကျန်တဲ့ Theodore တစ်ယောက် Samantha လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အသံနဲ့ ပြုလုပ်ထားတဲ့ OS နဲ့ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ ဆိုတော့ ဇာတ်ကားတစ်ခုလုံးမှာအများဆုံးကတော့ Theodore နဲ့ Samantha တို့ရဲ့ နားကြပ်ကနေစကားပြောတဲ့အခန်းတွေပါပဲ။ ဇာတ်ကားတစ်ခုလုံးမှာ စကားပြောခန်းတွေပဲအများပြားပါတယ်ဆိုပေမဲ့ တစ်ကားလုံးပျင်းစရာမကောင်းပဲ ဖြေးဖြေးအေးအေးလေးနဲ့ ကျွန်တော့်ကိုတော့ ဇာတ်ကားဆုံးတဲ့အထိ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။

Love နဲ့ပက်သက်တဲ့ဇာတ်ကားဖြစ်တာကြောင့်လဲ ဒီဇာတ်ကားတစ်ခုလုံးမှာသုံးသွားတဲ့ အရောင်အများစု လေးတွေကလဲ တစ်ကယ့်နွေးနွေးထွေးထွေးလေးတွေ ၊ ဇာတ်ကားထဲမှာသုံးထားတဲ့ Background Music တွေကလဲ ဇာတ်ဝင်ခန်းတစ်ခုချင်းစီနဲ့ လုံးဝကိုက်ညီနေတာကြောင့် တော်တော်ကိုကောင်းပါတယ်။ ဒီကားထဲမှာ Theodore သရုပ်ဆောင်တဲ့ Joaquin Phoenix ကလဲဇာတ်ဝင်ခန်းတွေနဲ့ လိုက်ဖက်အောင် လုံးဝ Mood အပြည့်နဲ့ သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာ ကျွန်တော်သဘောမကျတဲ့အချက်တစ်ချက်ကတော့ Operation System ထဲမှာ အသံသရုပ်ဆောင်ထားတဲ့ Scarlett Johansson ရဲ့ အသံပါပဲ။ သူ့အသံက အသံဝင်နေသလိုဖြစ်နေပြီး သူ့နေရာမှာ တစ်ခြား အသံချိုချိုလေးနဲ့ တစ်ယောက် အသံသရုပ်ဆောင်လိုက်မယ်ဆိုရင်ပိုကောင်းမယ်လို့ ထင်ပါတယ်။

အချုပ်ပြောရရင် Her (2013) ဟာတကယ်အေးအေးလေးနဲ့ကောင်းတဲ့ဇာတ်ကားအမျိုးအစားပါ။ သို့ပေမဲ့လူဆိုတာအကြိုက်ချင်းမတူတတ်တာကြောင့် ကျွန်တော့်ဘော်ဒါတစ်ယောက်ကတော့ ဒီဇာတ်ကားကြီးကြည့်ရတာ မကြိုက်ဘူး ပျင်းတယ်လို့ ပြောပေမဲ့ ဒီဇာတ်ကားက ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးဇာတ်ကားထဲမှာပါပါတယ်။ ဒါကြောင့် ဇာတ်ကားအေးအေးလေးတွေနဲ့ Drama ကားတွေကိုသဘောကျတဲ့လူတွေရှိရင်တော့ အချိန်ပေးနိုင်တဲ့တစ်နေ့ အေးအေးဆေးဆေးလေး မိုးအေးအေးလေးမှာ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး Her (2013) ကိုကြည့်သင့်ပါတယ်လို့အကြံပေးချင်ပါတယ်။


Movie Information

Director : Spike Jonze

Starring : Joaquin Phoenix , Amy Adams , Rooney Mara , Olivia Wilde , Scarlett Johansson

Production : Annapurna Pictures

Running Time : 126 minutes

Budget : $23 million

Box Office : $48.8 million

.

Rating

.

Datshin : 4.2/5

IMDB : 8.0/10

RT : 95%

.

Admin TiiT

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *