Lion (2016)

slide

India ရဲ့ ဝေးလံခေါင်သီတဲ့အရပ်တစ်ရပ်မှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ကြတဲ့ မိသားစုလေးတစ်စုရှိပါတယ်။ မောင်နှမ သုံးယောက်ရှိတာမှာ အလတ်ကောင်လေးဖြစ်တဲ့ Saroo က သူ့အစ်ကို Guddu အလုပ်သွားတာ အတင်းတောင်းလိုက်သွားရင်း လမ်းပျောက်သွားခဲ့ပြီး ကီလိုမီတာထောင်ချီဝေးတဲ့ ကလ်ကတ္တားမြို့ကို ရောက်သွားပါတယ်။ အဲမှာ ဘာသာစကားကလည်း မတူ၊ အသက်ကလည်း အရမ်းငယ်သေးတော့ စကားကလည်း မပီကလာ ပီကလာနဲ့ပြောနေတော့ အိမ်မပြန်နိုင်ဖြစ်ပြီး ဒုက္ခရောက်ပါတယ်။ ပြဿနာတွေကြားထဲကမှ ကံလေးကကောင်းချင်တော့ Australia က လင်မယားနှစ်ယောက်က ခေါ်ယူမွေးစားလို့ Saroo ဟာ ပညာတတ်ပြီး ပြည့်စုံတဲ့သူတစ်ယောက်အဖြစ် ကြီးပြင်းခဲ့ရပါတယ်။ ဒီလို ပြီးပြည့်စုံတဲ့ဘဝရောက်နေပေမဲ့ အတိတ်ကို မေ့မရတဲ့ Saroo ဟာ အနှစ် ၂၀ ကျော်အတွင်း သူ့ကိုလိုက်ရှာနေခဲ့မဲ့ သူ့အစ်ကို၊ ညီမလေးနဲ့ အမေ တို့ကို ပြန်ရှာဖို့ သူ့ ပြတ်တိပြတ်တောင်း မှတ်ဥာဏ်တွေနဲ့အတူ ရှာပုံတော်ဖွင့်ပါတော့တယ်။


Review

Lion ရုပ်ရှင်ဟာ Saroo Brierley ကိုယ်တိုင် နဲ့ Larry Buttrose ရေးသားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ Garth Davis ရဲ့ ပွဲဦးထွက်လက်ရာ ရုပ်ရှင်ကြီးဖြစ်ပါတယ်။ Slumdog Millionaire နဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား Dav Patel အဓိက သရုပ်ဆောင်ထားပြီး တခြား ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား နာမည်ကြီးတွေဖြစ်တဲ့ Rooney Mara, Nicole Kidman နဲ့ David Wenhem တို့က အားဖြည့်ထားပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် Sunny Pawar ကိုလည်း ပွဲထုတ်ထားခဲ့တယ်။

ရုပ်ရှင်တစ်ကားလုံးမှာ ကောင်းကွက်တွေ ကျွန်တော် အရမ်းသဘောကျမိတဲ့ အချက်တွေ အများကြီးထဲကမှ အရင်ဆုံးပြောပြချင်တာ ကလေးသရုပ်ဆောင် Sunny Pawar ပါ။ ကလေးသရုပ်ဆောင် အယောက် တစ်ထောင်လောက်ကို screening လုပ်ပြီးမှ အရွေးခံထားရတဲ့ Sunny ဟာ အရွယ်နဲ့ မလိုက်အောင် သရုပ်ဆောင်ကောင်းခဲ့တယ်။ ညစ်ပတ် စုတ်ပျက်သတ်နေတဲ့ ပုံစံ၊ မျက်နှာငယ်လေးနဲ့ သနားစရာဖြစ်အောင် လုပ်တဲ့ပုံစံ၊ ပျော်စရာလေးတွေ့တာတောင် ကြောက်တာ၊ ရှက်တာတွေကြောင့် ပေါ်တင်မပျော်ရဲဘဲ မချိပြုံးလေးနဲ့ ပြုံးပြီး သဘောတွေကျနေတဲ့ ပုံစံလေးတွေက drama နဲ့ စကားပြောခန်းချည်းပဲမို့ တော်ရုံလူ ပျင်းစရာကောင်းလောက်မဲ့ ဇာတ်လမ်းကို ဇာတ်လမ်းအစကတည်းက နောက်ဆုံးထိ ကြည့်ချင်စိတ်ဖြစ်အောင် တွန်းအားပေး ဆွဲခေါ်သွားနိုင်ခဲ့တယ်။ Dav Patel ကိုလည်း တော်တော်လေးသဘောကျမိပါတယ်။ သူများတွေနဲ့ စကားပြော ရယ်မော ဆက်ဆံတဲပုံတွေက တော်တော်သဘာဝကျခဲ့တယ်။ Rooney Mara နဲ့ Nicole Kidman တို့လည်း အပြစ်ပြောစရာမရှိခဲ့ဘူး။

ဇာတ်လမ်းပိုင်းမှာလည်း အလယ်ပိုင်းမှာ နည်းနည်းလေးသွားတဲ့သဘောရှိပေမဲ့ ဖြစ်ရပ်မှန်ကို ကိုယ်တိုင်ပြန်ရေးထားတာမို့လို့လည်းပါမယ်။ အရမ်းကြီးကွန့်ထားတာတွေ မရှိခဲ့ဘူး။ Saroo ရဲ့သူ့မိသားစု ရှာပုံတော်ဖွင့်တော့ သူအပါအဝင် ဘေးသူတွေပါ ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာတွေ စိတ်ခံစားချက်တွေကို ပုံဖော်ထားတာမှာလည်း အပိုအလိုမရှိခဲ့ဘူး။ Saroo ရဲ့ နေ့စဉ်ဘဝနဲ့ သူ့အတိတ်က ဖြစ်ရပ်တွေ၊ သူ့အစ်ကိုကို မြင်ယောင်နေတဲ့ စိတ်တွေကိုရိုက်ပြထားတာကိုလည်း တော်တော်သဘောကျတယ်။ နောက်ခံတီးလုံးပိုင်းမှာလည်း တော်တော်အားရမိတယ်။ အရမ်းကြီး ကြမ်းနေတဲ့ တီးလုံးတွေမပါဘဲ အေးအေးနဲ့ သာယာညိမ့်ညောင်းတဲ့တီးလုံးတွေ၊ စန္ဒယားသံလေးတွေက နဂိုကတည်းက feel တွေပေးနေတဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ချက်တွေကို အကောင်းဆုံးထောက်ပံ့ပေးထားနိုင်တယ်။ Cinematographer Greig Fraser ရဲ့ လှပပြီး ပညာသားပါတဲ့ရိုက်ချက်တွေ၊ lighting တွေ angle တွေကလည်း တော်တော်အားရဖို့ကောင်းတယ်။

Lion ရုပ်ရှင်ဟာ သနားစရာ၊ ဝမ်းနည်းစရာ၊ အားရစရာ၊ ပျော်ရွှင်ကြည်နူးစရာ ရသအကုန်ပေးနိုင်တဲ့ကားတစ်ကားပါ။ လူတိုင်းကြိုက်မဲ့ကားတော့မဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ပုဒ်လုံးက အေးအေးနဲ့ စကားပြော သွားလာနေကြတာမို့လို့ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ drama ကောင်းကောင်းကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပါ။


Movie Information

Director: Garth Davis

Top Billed Cast: Dav Patel, Sunny Pawa, Nicole Kidman, Rooney Mara

Based on: “A Long Way Home” by Saroo Brierley and Larry Buttrose

Screenplay: Luke Davies

Music: Hauschka, Dustin O’Halloran

Cinematography: Greig Fraser

Production: See-Saw Films, Screen Austraila, Cross City, Weinstein Company, Aquarius Films, Sunstar Entertainment

Distribution: The Weinstein Company

Budget: $12 million

Box Office: $140 million

Running Time: 1hr 58 mins


Movie Rating:

Datshin: 4.1/5

IMDB: 8.1/10

Rotten Tomatoes: 86%

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *