Pirates of the Caribbean: Dead Men Tell No Tales (2017)

slide

Captain Salazar လို့ခေါ်တဲ့ ပင်လယ်ပြင်မှာ သေဆုံးပြီး မကျွတ်မလွတ်သေးဘဲ ကျိန်စာသင့်နေတဲ့ စပိန်ရေတပ် ကပ္ပတိန်ကြီးတစ်ယောက်၊ သူ့ကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ Captain Jack Sparrow ကို လက်စားချေဖို့ ကြိုးပမ်းလို့ Jack တစ်ယောက် သူလွတ်မြောက်နိုင်ဖို့အတွက် ပင်လယ်နတ်မင်းကြီး Poseidon ရဲ့ လက်စွဲတော် ခက်ရင်းခွကြီးကို ရှာပုံတော်ဖွင့်ပါတော့တယ်။


Review

Pirates franchise ထဲက ငါးကားမြောက်ဖြစ်တဲ့ Dead Men Tell No Tales ဟာ သူ့အရင်ကား On Stranger Tides ထက်တော်တော်လေးကြည့်ကောင်းခဲ့တယ်။ Jack ရဲ့ ဟာသဆန်တဲ့ အလွဲတွေနဲ့ သူ့ထူးထူးခြားခြား စတန့်တွေ၊ သူ့အဖွဲ့သားတွေနဲ့ တခြားဇာတ်ကောင်တွေရဲ့ ပြောစကားတွေနဲ့ ဇာတ်ကွက်တွေက On Stranger Tides မှာတုန်းကလို ပေါ့တိပေါ့ပျက် ဖြစ်မနေခဲ့သလို အတင်းကြီးလုပ်ယူထားတာမျိုးတွေလည်း ဖြစ်မနေခဲ့ဘူး။ အဲလိုအပြင် Pirates ကားတွေထဲမှာ အကောင်းဆုံးကားတွေဖြစ်ခဲ့တဲ့ original trilogy ရဲ့ အငွေ့အသက်လေးတွေ ပြန်ခံစားခဲ့ရတယ်။ Johnny Depp ရဲ့ Geoffrey Rush တို့လည်းအရင်ကားထက် တော်တော်လေး ပိုကြည့်ကောင်းခဲ့တယ်။

ကောင်းတာလေးတွေ တော်တော်လေးပါခဲ့ပေမဲ့ ကျန်တဲ့အပိုင်းတွေမှာတော့ ပထမ ၃ ကားကို လုံးဝ ခြေဖျားမမီခဲ့ဘူး။ ဇာတ်လမ်းပိုင်းမှာလည်း ယိုကွက်တွေ ရှေ့နောက်မညီနေတာတွေ၊ နေဦးလေ ဒါက ဘာလို့ဖြစ်တာလဲဆိုပြီး မေးချင်စရာတွေ တော်တော်များတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ခါတိုင်းမြင်နေကျ အကွက်တွေပဲ တော်တော်များများပြန်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေတော်တော်များများက ခန့်မှန်းမိနေနိုင်လိမ့်မယ်။ ဥပမာ ဘဏ်တိုက်က မီးခံသေတ္တာ ဘယ်လိုကောင်းကြောင်း တာဝန်ရှိသူတွေက အထူးတလည် ချီးမွမ်းပြောဆိုနေတဲ့အခန်းဆို ဘာဆက်ဖြစ်မလဲ ဇာတ်ရည်ဝနေတဲ့သူတွေ အနေနဲ့ ကြိုသိနေကြမှာဖြစ်သလို ဒီလူနှစ်ယောက် ဒီစကားပြောနေရင် ဘယ်ကောင်သေတော့မယ်ဆိုတာမျိုးတွေလည်း ဖြစ်နေပါလိမ့်မယ်။ Jack နဲ့ အဖွဲ့သားတွေ အလွဲလွဲအချော်ချော်တွေဖြစ်၊ stunt တွေလုပ်ကြတာတွေကလည်း ကြည့်ကောင်းတယ်ဆိုပေမဲ့ သိပ်ပြီးထူးဆန်းတာတွေတော့ မပါတော့ဘူး။ ဆိုတော့ Pirates ကားဆိုအကုန်ကြွေ၊  ဒီလိုမျိုးလေးတွေကိုမှ ကြိုက်တဲ့လူတွေအတွက် ရုပ်ရှင်က တစ်ကားလုံးပျင်းစရာရှိမှာမဟုတ်သလို ရိုးနေတာတွေ သဘောမကျဘဲ အထူးအဆန်းလေးမှ မြင်လိုသူတွေ နည်းနည်းပို ပညာသားပါတာလေးတွေကြည့်ချင်သူတွေအတွက်တော့ အားမရစရာတွေ ဖြစ်နိုင်တယ်။

Character development ပိုင်းမှာလည်း သိပ်အားရစရာမရှိခဲ့ဘူး။ ထပ်နှိုင်းပြီးပြောရရင် ပထမ ၃ ကားမှာတုန်းက ဇာတ်ကောင်တွေကို တော်တော်ကြီး ပညာသားပါပါ တင်ဆက်သွားနိုင်တယ်။ အထူးသဖြင့် Davy Jones နဲ့ သူ့ Flying Dutchman တို့ဆိုတာ အဲအချိန်က ရုပ်ရှင်ထဲက ဇာတ်ကောင်တွေပဲ ကြားရင် သေအောင်ကြောက်နေရတာမျိုးမဟုတ်ဘဲ ရုပ်ရှင်ကြည့်သူတွေပါ ကြားရင် ရှိန်သွားလောက်အောင် ပညာသားပါပါ ပြသွားနိုင်တယ်။ Hans Zimmer ရဲ့ ရူးလောက်တဲ့ တီးလုံးတွေကြောင့်လဲ ပါမှာပေါ့။  ဒီကားမှာတော့ Javier Bardem ရဲ့ Captain Salazar ကို တော်တော်လေး လုပ်ထားခဲ့ပေမဲ့ Davy Jones တို့ Lord Beckett တို့လောက် လွှမ်းမိုးမှုမရှိခဲ့ဘူး။ Trailer မှာမြင်ရမဲ့ Salazar တို့ တစ်အုပ်ကြီး ရေပေါ်မှာပြေးနေတာကလည်း Barbossa ရဲ့ အဖွဲ့ ရေအောက်မှာလမ်းလျှောက်ပြီး Norrington ရဲ့သဘောင်္ကိုဝင်စီးတဲ့အခန်းလောက် ကြည့်မကောင်းခဲ့သလို နည်းနည်းဟာသ ဆန်နေသလိုဖြစ်ခဲ့တယ်။ နောက် တစ်ခုက Commodore Norrington နေရာမှာလို Lord Beckett နေရာမှာလို ပြန်ထည့်ထားတဲ့ Wenhem ရဲ့ ဇာတ်ကောင်ကလည်း မထည့်လည်းဘာမှမဖြစ်သလို ဘာထူးထူးခြားခြားဇာတ်ကွက်မှ မပါခဲ့ဘူး။

အဲဒါတွေအပြင် ရုပ်ရှင်မှာ ကျွန်တော် တော်တော်လေးအားမရတာကတော့ third act ပါ။ ဇာတ်လမ်းပိုင်းရဲ့ တစ်ဝက်ကျော်လောက်ထိ တော်တော်ကြီးအဆင်ပြေလို့ အရင် Pirates နဲ့ Captain Jack Sparrow ဆိုပြီး တစ်ခေတ်ဖြစ်ခဲ့တဲ့အချိန်က ကားလိုပြန်ဖြစ်နိုင်ချေရှိခဲ့ပေမဲ့ အပြီးသတ် တိုက်ပွဲမှာတော့ ပြီးစလွယ်ပုံ ဖြစ်သွားတယ်။ ဒီထက်အများကြီးပိုကောင်းအောင်လုပ်နိုင်တယ်လို့ မြင်မိတယ်။ (ကျွန်တော့်အမြင်မှာဆို Will Turner ကြီးနဲ့ Salazar တို့ duel ဆွဲခိုင်းစေချင်တာ။) အပေါ်မှာပြောခဲ့သလိုပဲ Salazar ကြီး ဒီလောက်ကြမ်းထော်နေလို့ Jack Sparrow ကော Barbossa ပါ ဒီလိုဖင်တုန်အောင် ကြောက်ရတယ်ဆိုတာမျိုးသေချာပြမသွားနိုင်လို့လည်း ပါတာပေါ့။

Pirates of the Caribbean ဟာ At World’s End မှာနဲ့တင်ရပ်ပြီး အနိုင်နဲ့ပိုင်းလိုက်ဖို့သင့်ခဲ့တဲ့ကားတစ်ကားပါ။ Sequel ခေတ်ဆိုတဲ့အတိုင်း producer တွေရော fan တွေရော လိုချင်တယ်ဆိုပြီး ဆက်ရိုက်တာ 4 မှာတော်တော်အဆင်မပြေခဲ့ဘူး။ ဒီကားကတော့ အဲဒီ 4 မှာတုန်းကဟာကို ပြန်ဆည်ထားတဲ့အဆင့်လောက်ပဲ ရှိပါသေးတယ်။ နောက်ဆုံးဇာတ်သိမ်းပိုင်းအရ Pirates Franchise ဟာ အခုကားနဲ့ရပ်ပစ်လိုက်လို့ ရတယ်ဆိုပေမဲ့လည်း ပြောမရဘူလေ။ ဝင်ငွေနဲ့ အောင်မြင်မှုအခြေအနေကိုကြည့်ပြီး ဆက်ရိုက်ချင်ရိုက်ကြဦးမှာပေါ့။

Salazar’s Revenge (US မှာပြတဲ့ နာမည်အရ Dead Man Tell no Tales) ရုပ်ရှင်ဟာ နိုင်ငံတကာ review တွေပြောကြသလိုမျိုး a sinking ship ပါပဲ။ ဘာမှထူးဆန်း ထူးခြားမှုမရှိတော့တဲ့ မရှိရှိတာကို ထပ်ဆက်နေတဲ့ ရုပ်ရှင်တစ်ကားပါ။ Jack နဲ့ အဖွဲ့သားတွေရဲ့ တလွဲတွေက ရွှေပွဲလာတွေအတွက် entertainment လေးပေးနိုင်တယ်ဆိုရုံကလွဲလို့ ဒီကားက ဘယ်လိုကောင်းတာဆိုပြီး အထူးတလည်ပြောစရာမရှိတဲ့ ကားတစ်ကားပါ။ အပေါ်မှာပြောခဲ့သလို ဘာလာလာဒေါင်းတဲ့သူတွေ၊ အပျော်အနေနဲ့ပဲ ကြည့်တဲ့သူတွေ၊ ဒီအကွက်လေးတွေကိုမှ ကြိုက်နေသူတွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။


Movie Information:

Director: Joachim Ronning, Espen Sandberg

Top Billed Cast: Johnny Depp, Javier Bardem, Brenton Thwaites, Kaya Scodelario, Geoffrey Rush

Production: Walt Disney Pictures, Jerry Brukheimer

Distribution: Walt Disney Studios Motion Pictures

Music: Geoff Zanelli

Running Time: 2hr 9 mins

Budget: $230 million

Box Office: $501 million


Movie ratings:

Datshin: 2.8/5

IMDB: 7.1/10

Rotten Tomatoes: 29%

Metacritic: 39%

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *