Dunkirk (2017) Review

slide

Storyline

ဒုတိယကမ္ဘာစစ် အစောပိုင်းအချိန် ပြင်သစ်ပြည်ကို ဂျာမန်တွေ သိမ်းပိုက်လိုက်တဲ့အချိန်ပါ။ အဲအတွက် အင်္ဂလိပ်နဲ့ ပြင်သစ်စစ်တပ်က စစ်သားတွေဟာ ဂျာမန်တပ်တွေနဲ့ ဝေးရာကို တပ်ဆုတ်ရင်း Dunkirk ဆိပ်ကမ်းမှာ ပိတ်မိခဲ့ပါတယ်။ အရှေ့ဘက်မှာ ဂျာမန်တပ်ကြီးနဲ့ နောက်ဘက်မှာ ပင်လယ်ပဲရှိတော့လို့ ဘယ်အချိန်သေမလဲလို့ ထိုင်စောင့်နေရတဲ့ စစ်သည် ၄ သိန်းလောက်ကို အင်္ဂလန်က စစ်တပ်ကမဟုတ်ဘဲ ရှိသမျှ အရပ်ဘက် လှေ၊ သင်္ဘော အကုန်လုံးကို အသုံးပြုပြီး မရမက ကယ်ထုတ်ခဲ့ရတဲ့ သမိုင်းဝင် ကယ်ဆယ်မှုကြီးတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။


Review

ဘာမှ အထူးအခြားဇာတ်လမ်းမရှိတဲ့ Dunkirk ရုပ်ရှင်ကိုပုံဖော်တာမှာ Nolan ဟာ ကမ်းနားမှာရှိနေတဲ့ ထွက်ပြေးဖို့ကြိုးစားနေတဲ့ စစ်သားတို့ဘက်က တစ်ခု၊ စစ်သားတွေကို လာကယ်ဖို့လုပ်နေတဲ့ အရပ်သားလှေဘက်က တစ်ခု၊ ကောင်းကင်ကနေ လေကြောင်းပစ်ကူနဲ့ ကာကွယ်ပေးနေတဲ့ လေတပ်သားဘက်က တစ်ခု ဆိုပြီး ရှုထောင့် သုံးခုက ပြထားတယ်။ ပြတဲ့အခါမှာလည်း ထောင့်အသီးသီးက ဇာတ်ကောင်တွေရဲ့ eye level ကနေပဲ ပြထားတဲ့အတွက် အားလုံးက ကိုယ့်ပတ်ဝန်းကျင်မှာ တကယ်ဖြစ်နေတဲ့အနေအထားမှာရှိခဲ့တယ်။ အဲအတွက် ကိုယ်လည်း ဝင်ခံစားနေရသယောင်ပေါ့။ အဲအချိန်မှာ ပြင်းထန်လှတဲ့နောက်ခံတီးလုံးနဲ့ အသံပိုင်းတို့ကြောင့် ဇာတ်ဝင်ခန်းတော်တော်များများမှာဆို ကိုယ်ထိုင်နေတဲ့ထိုင်ခုံကို ကိုင်ပြီးတောင့်နေရအောင် စိတ်လှုပ်ရှားမှုပေးနိုင်ခဲ့တယ်။ နောက်ခံတီးလုံးဆိုလို့ Hans Zimmer ရဲ့ ထုံးစံ ပြောစရာမရှိပေမဲ့ တချို့နေရာတွေမှာတော့ လိုတာထက် နည်းနည်းပိုနေသလိုတော့ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကလည်း plot ဘာညာ ဘာမှမပါတဲ့ ဇာတ်လမ်းကို မအီနေအောင် ဝင်ဖြည့်ထားတဲ့ပုံပါပဲ။ နောက် Dunkirk မှာ ကြိုက်မိတဲ့ အဓိကအချက်က sound ပိုင်းပါ။ ပစ်ခတ်တဲ့အခန်းတွေဆို ကိုယ့်နောက်မှာပါ ကျည်လာမှန်သလိုမျိုးပဲ။ လှေဝမ်းထဲက အခန်းကတော့ အဆိုးဆုံး။

နောက် ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုက တစ်ကားလုံးမှာ စကားပြောခန်း မပါသလောက်ပါပဲ။ Plot အရ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို စကားမပြောပဲ ရိုက်ချက်တွေ အဖြစ်အပျက်တွေနဲ့ပဲ ပြသွားတယ်။ အဲအတွက် မင်းသား Tom Hardy ဆို တစ်ကားလုံးမှာ စကား ဆယ်ကြောင်း ဝန်းကျင်ပဲပြောခဲ့တယ်။ အဲအပြင် လေယာဉ် Pilot ဖြစ်နေလို့ ခမောက်ဆောင်း၊ မျက်နှာဖုံးတပ်၊ မျက်မှန်တပ် ဆိုတော့ တစ်ကားလုံး သူ့မျက်လုံးကိုပဲ မြင်နေရမှာပါ။ ဒါပေမဲ့ The Dark Knight Rises မှာကတည်းက မျက်လုံးနဲ့ သရုပ်ဆောင်ကောင်းခဲ့တဲ့ Tom Hardy ဟာ တစ်စက်မှ ပြောစရာမရှိဘဲ သူပြချင်တဲ့ ဇာတ်ကောင်အတိုင်း ပြသွားနိုင်ခဲ့တယ်။

ဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်ဝင်ခန်းတော်တော်များများဟာ pause လုပ်ပြီး screenshot ရိုက်လိုက်ရင် wallpaper လုပ်လို့ရနိုင်လောက်အောင် လှပတဲ့ powerful ဖြစ်လှတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးပါပါတယ်။ စစ်ကားတော်တော်များများမှာဆို camera shake တွေ ရှုပ်ရှတ်ခက်နေတဲ့ editing တွေသုံးပြီး စစ်ရဲ့ အကျဉ်းတန်ပုံ၊ ခက်ခဲကြမ်းတမ်းပုံ စတာတွေကို ပုံဖော်တတ်ပေမဲ့ ဒီကားမှာတော့ Nolan ရဲ့ ထုံးစံ လုံးဝအငြိမ်တွေပဲ လုပ်ထားခဲ့တယ်။ ဒါပေမဲ့ အဲလိုဇာတ်ဝင်ခန်းတွေကို ပြီးစလွယ်မဟုတ်ဘဲ ဓာတ်ပုံတစ်ပုံလိုမျိုး ရုပ်ထွက်နိုင်အောင် camera composition တွေ၊ camera angle တွေ အရမ်းပညာသုံးပြီး ရိုက်ထားတဲ့အတွက် ဇာတ်ဝင်ခန်းတိုင်းက ပြင်းထန်နေခဲ့တယ်။ Centre frame လုပ်ထားတာမို့လို့လည်း ဇာတ်ဝင်ခန်းတော်တော်များများက chaos ဖြစ်နေတာကို ပြသွားနိုင်တယ်။ လေကြောင်းတိုက်ပွဲဆို ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေရဖို့ အကြိမ်ပေါင်း ဘယ်နှစ်ခေါက်တောင် မိုးပေါ်အတက်အဆင်းလုပ်ပြီး ရိုက်ခဲ့ရလဲ မတွေးတတ်သလောက်ပါပဲ။

 

Dunkirk ဟာ စစ်ကား War Drama ဆိုပေမဲ့ စစ်ကားအများစုလို battle အသားပေးမဟုတ်ဘဲ စစ်သားတွေ အသက်ရှင်ကျန်ရစ်အောင် ကြိုးစားကြတဲ့ survival theme ကို အဓိကထားထားတာပါ။ စစ်ဆိုတာ ထင်သလောက် မလွယ်ကူ မရိုးရှင်းပါဘူး။ စစ်ကားအများစုမှာ ရုပ်ရှင်ရဲ့ ဇာတ်လိုက် hero တွေဟာ စစ်ဆင်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ နောက်ဆုံး တစ်နည်းနည်းနဲ့ ပေးဆပ် အောင်မြင်သွားသူတွေ အထူးသဖြင့် စစ်သားတွေ အဓိကပါပါတယ်။ ဒါပေမဲ့ အခု Dunkirk မှာလို ရှေ့ဆက်မသွားနိုင်လို့ မရမက မရှိရှိတာနဲ့ အိမ်ပြန်ပြေးနေရတဲ့ ရှေ့တန်းပြန်စစ်သည်တွေကိုရော hero လို့ခေါ်နိုင်မလား။ အသုံးမကျတဲ့ ငကြောက်တွေလို့ ခေါ်ကြမလား။ ကိုယ့်အလုပ်မဟုတ်ပေမဲ့ ကိုယ့်ရှိတဲ့လှေလေးတွေနဲ့ လာကယ်ကြတဲ့ အရပ်သားတွေက hero လား။ မိုးပေါ်က German လေယာဉ်တွေကို တစ်စင်းပြီးတစ်စင်းပစ်ချနေတဲ့ လေသူရဲတွေကိုပဲ hero ခေါ်မလား။ ဆိုတော့ ဒီကားထဲမှာ ဘယ်ကောင်က ဇာတ်လိုက်လဲ။ ဒါတွေအတွက် Dunkirk ရုပ်ရှင်က စစ်ရဲ့ သူရဲကောင်းဆိုတာ  အောင်နိုင်တဲ့သူကိုပဲ ခေါ်တာမဟုတ်ဘူးဆိုတာ  ပြသွားသလို စစ်မှာ ဇာတ်လိုက်ဆိုတာမရှိဘူး၊ အသက်ရှင်ကျန်ရစ်သူပဲ ရှိတယ်ဆိုတာကိုလည်း ပြသွားခဲ့တယ်။

 

တစ်ခုရှိတာက အခု Dunkirk ရုပ်ရှင်ဟာ လူတိုင်းကြိုက်နိုင်မှာမဟုတ်ပါဘူး။ စစ်ကားကြိုက်သူတွေပဲမဟုတ်ဘဲ Nolan ကားတွေကြိုက်ပါတယ်ဆိုတဲ့ fan တွေတောင် လူတိုင်းဒီကားကို သဘောကျမှာမဟုတ်ပါဘူး။ Nolan ကိုယ်တိုင်ကိုက ဒီကားက အရမ်းကို experimental ဆန်ပါတယ်လို့ interview တစ်ခုမှာ ပြောသွားဖူးတယ်။ Plot, dialogue ဘာမှမပါဘဲ တစ်ကားလုံးကို cinematography, music, sound, acting နဲ့ လုပ်သွားတဲ့အတွက် ကျန်တဲ့လူအများစုလည်း တော်တော်ကိုပျင်းဖို့ကောင်းနိုင်ပါတယ်။ Nolan က နဂိုကတည်းက CGI မသုံး ရှင်းရှင်းလင်းလင်းပဲ ရိုက်တတ်တဲ့သူမို့လို့ သင်ဟာ Dunkirk ကို Saving Private Ryan လို၊ Fury လို၊ Thin Red Line တို့လို epic fight/battle scene တွေပါမယ်လို့ မျှော်လင့်ထားရင်တော့ အဆင်မပြေပါဘူး။


Movie Information:

Director: Christopher Nolan

Top Billed Cast: Fionn Whitehead, Harry Styles, Tom Glynn-Carney, Cillian Murphy, Tom Hardy, Mark Rylance,

Music: Hans Zimmer

Cinematography: Hoyte van Hoytema

Production: Syncopy Inc.

Distribution: Warner Bros. Pictures

Running Time: 1hr 46 mins

Budget: $100 million

Box Office: $314.2 million

Movie Rating:

Datshin: 4.5/5

IMDB: 8.5/10

Rotten Tomatoes: 93%

.

Admin KPK

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *