Gotham (TVSeries)

slide

Gotham အပြင်မှာတစ်ကယ်မရှိပေမယ့် ငယ်ငယ်တည်းက အမြဲရင်းနှီးနေခဲ့တဲ့ အမေရိကားက မြို့ကြီးတစ်မြို့။ အဓိက ရင်းနှီးခဲ့ရတာကတော့ Bruce Wayne တစ်ဖြစ်လည်း Batman ကြောင့်ပေါ့။ ဒါပေမယ့် ဒီမြို့မှာ ဖြစ်ပျက်နေတာတွေကို Dark Knight ကြီးရဲ့ ရှုထောင့်ကနေပဲ အဓိကမြင်ဖူးခဲ့ပြီး ဘေးနားက ဇာတ်ပို့ ဇာတ်ရံတွေဟာ မှေးမှိန်နေခဲ့တယ်။ Gotham စီးရီးမှာတော့ ဒီမြို့ကြီးအကြောင်းကို အခြားရှုထောင့်တစ်ခုကနေ ရိုက်ကူးတင်ဆက်ထားပါတယ်။ GCPD လို့ခေါ်တဲ့ Gotham ရဲစခန်းကို အသစ်ပြောင်းလာတဲ့ စုံထောက် Jim Gordon နေရာကနေပေါ့။ Jim ဟာ လူဖြောင့်ကြီး။ စစ်ပြန် သူရဲကောင်းကြီး။ သူ GCPD ထဲဝင်လာတဲ့ ရည်ရွယ်ချက်ကလည်း Gotham မြို့ရဲ့ ပျက်စီး ခြစားမှူတွေကို ရှင်းထုတ်ပြစ်ဖို့။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ သူ့ ရည်မှန်းချက်က ပြောသလောက်မလွယ်မှန်း သိလိုက်ရတယ်။ ဒီမြို့ကြီးရဲ့ သန္ဓေကို အကျင့်ပျက်မှု လိုပဲ။ အကျင့်ဖျက်မှုတွေကို တိုက်ဖျက်ရင်း ဖျက်ရင်း သူ့လုပ်သူဆက်လုပ်ဖို့တောင် ကောင်းမှုနဲ့ မကောင်းမှုကြားတည်း လမ်းလျှောက်ရသလိုဖြစ်လာတယ်။ နောက်ဆုံးမှာ ကြမ်းကြုတ်ရက်စက်မှုတွေကို အဆုံးသတ်ဖို့ကြိုးစားရင်းပဲ Jim ကိုယ်တိုင်မှာရော ဖြောင့်မတ်ရဲရင့်ခြင်းဆိုတာရဲ့ နောက်ကွယ်မှာ အခြား Jim Gordon ဆိုတာ ရှိသေးလားလို့ မေးခွန်းထုတ်လာရတယ်။

ကျနော်စပြီး ကြည့်မိတာ သိပ်မကြာသေးဘူး။ ခုမှ season 2 တစ်ဝက်လောက်ပဲရောက်သေးတယ်။ အစတည်းက သိပ်ပြီးတော့တော့ စိတ်ပါလက်ပါမရှိ လှဘူး။ ကြည့်စရာ မရှိတော့လို့ကြည့်မိတဲ့ သဘောပဲ။ ဒျါပမယ့် စီးရီးတို့ထုံးစံအတိုင်း စွဲ တယ်လို့ပြောရမယ်။ တစ်ပိုင်းပြီး တစ်ပိုင်း ကြည့်ချင်နေမိတယ်။ ကြည့်ပြီး သလောက်ကို ပြန်စဉ်းစားမယ်ဆို Season 1 တုန်းက တော်တော်ဆိုးတဲ့ Acting ပါလားလို့ သတိထားမိတယ်။

Ben McKenzie လို ဇာတ်ဆောင်တွေကအစ သိပ်ပြီး မစွံလှဘူး။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလို Batman origins ကို အခြားရှုထောင့်ကဆိုတော့ ဆက်ကြည့်မိတယ်။ ကိုယ်သိတဲ့ ဇာတ်ကောင်တွေကို တစ်ခါမှမမြင်ဖူးတဲ့ ပုံစံတွေနဲ့ မြင်နေရတော့ စိတ်လည်းဝင်စားသွားမိတယ်။ Season 1 မှာ Falcone တို့ Maroni တို့နဲ့ တည်ထားတော့ American Gangster လိုလို Organized Crime ဇာတ်လမ်းမျိုးလိုဖြစ်နေတယ်။ သရုပ်ဆောင် မကောင်းပေမဲ့လည်း ရပ်လို့မရခဲ့ဘူး။ နောက် Season 2 ရောက်လာတော့ Production Design တွေ တိုးတက်လာတယ်ထင်တယ်။ ပိုက်ဆံပိုရသွားလို့လားမသိဘူး make up တွေ costume တွေကအစ ပိုကောင်းလာတယ်။ သရုပ်ဆောင်တွေလည်း အရင်လူတွေပေမယ့် တော်တော်ကြီး ကောင်းလာသလိုပဲ။ (ကိုယ်ပဲ သူတို့ သရုပ်ဆောင်ပုံစံနဲ့ ကျင့်သားရသွားတာလား မသိဘူး)။

ဒါပေမယ့် season 2 မှာ ဇာတ်လမ်းက ဝါးစည်းကွဲနေသလိုပဲ။ season တစ်ခုလုံးပြီးအောင်ကြည့်ပြီးသားမို့သာ ဆက်ကြည့်နေရသလို ဖြစ်သွားတယ်။ ဇာတ်လမ်း အတက်အကျတွေက အရမ်းလွယ်လွန်း သလို အရမ်းမြန်လွန်းတယ်။ ဖြစ်ချင်တိုင်းတွေဖြစ်တယ်။ နောက်တော့ coma ရနေတဲ့ character ကို ပြန်နှိုးချင်လို့ နောက် character ကို မင်းထွက်သွားပါတော့ ဆိုသလိုမျိုး အကွက်တွေအထိပါ ခင်းလာတယ်။ ဆိုတော့ ဒီ စီးရီးအပေါ် ကျနော့် ခံစားချက်ကလည်း မရှင်းရှင်းပဲ။ ကောင်းလားလို့မေးရင် Game of Throne, Sherlock, တို့လို စီးရီးမျိုးကြီးတွေ ရှိနေတော့ မကောင်းဘူး ချာတယ်လို့ပဲပြောရမှာပဲ။ ကြိုက်သလားဆိုရင်တော့ ကြိုက်တယ်ဗျ။ တစ်ခါတစ်လေ guilty pleasure ဆိုတာ အဲ့လိုမျိုးပဲမလား။

မှတ်ချက်။ ဘယ် cut မှာဖြစ် ပြူတင်းပေါက်တိုင်းက နေရောင်ဖြာကျနေရအောင် Gotham မှာ နေဘယ်နစင်း ရှိလို့လဲလို့တော့ မေးချင်တယ်။

Admin Andy

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *