Spider-Man: Homecoming (2017) Review

slide

Peter Parker တစ်ယောက် Tony Stark ကျေးဇူးနဲ့ Spidey suit အကောင်းစားရပြီး Spider-Man ဆိုပြီးဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ Parker ဟာ ကလေးပဲရှိနေသေးလို့ Superhero စစ်စစ်မဖြစ်နိုင်သေးသလို Tony ကလည်း အရမ်းကြီးမြှောက်ပေးမနေဘဲ စည်းကမ်းတင်းကျပ်နေတုန်းပါပဲ။ အဲအတွက် Parker ဟာ Friendly neighborhood Spider-Man အဖြစ် ပေါ့ပေါ့ပါးပါးနဲ့ သူ့စွမ်းရည်တွေကို Tony Stark လက်ခံဖို့ ကြိုးစားရင်း ထူးခြားဆန်းပြားတဲ့ လက်နက်ဆန်းတွေနဲ့ Vulture ဆိုတဲ့ villain တစ်ယောက်ကို တွေ့ရှိခဲ့တယ်။ ဆိုတော့ Parker ဟာ သာမန် ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ပဲ သူ့သူငယ်ချင်း၊ ကျောင်းစာနဲ့ ကြိတ်ခိုက်နေရတဲ့ ကောင်မလေးနဲ့ ဘဝကို ပျော်ပျော်ပဲ ရှင်သန်မလား၊ အဲဒီ ပျော်ရွှင်မှုနဲ့ ဘဝကို ဘေးဖယ်ပြီး သူလေးစားအားကျရတဲ့ Iron Man တို့လို Avengers တို့လိုမျိုး Superhero စစ်စစ်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်း မသာမှုတွေကို တိုက်ဖျက်ရမလား ရွေးဖို့ဖြစ်လာခဲ့ပါတယ်။


Review (Minor Spoiler alert)

Spider-Man ရုပ်ရှင်ဟာ ခုဆို သုံးခေါက်မြောက် ဇာတ်ကောင်၊ ဇာတ်လမ်းနဲ့ စတာဖြစ်ပါတယ်။ ပထမဆုံးထွက်ခဲ့တဲ့ Tobey ရဲ့ The Spider-Man ဟာ အရမ်းအောင်မြင်ခဲ့သလို Andrew ရဲ့ The Amazing Spider-Man ကားတွေဟာလည်း Tobey လောက် မပေါက်ခဲ့ပေမဲ့ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။ ဆိုတော့ အခု တတိယမြောက် Tom Holland Spidey ဟာ တော်တော်လေး pressure များပါတယ်။ အရင်တစ်ယောက်တောင်မဟုတ်ဘဲ နှစ်ယောက်ကိုတောင် ယှဉ်ရတာလေ။ ဒါပေမဲ့ ရုပ်ရှင်ကြည့်ပြီး သေချာပြောနိုင်တာက Spider-Man: Homecoming ဟာ အကောင်းဆုံး Spider-Man ရုပ်ရှင်သာမက အကောင်းဆုံး Superhero ကားတစ်ကားလည်း ဖြစ်သွားခဲ့ပါပြီ။

Civil War မှာလည်း သတိထားမိကြမဲ့ အခု Spidey ဟာ Comic book version နဲ့ အနီးစပ်ဆုံးတူတဲ့ ဇာတ်ကောင်အနေနဲ့ ပုံဖော်ထားပါတယ်။ ပင့်ကူကိုက်ခံရပြီး စွမ်းအင်တွေရခဲ့တဲ့အချိန်မှာ 15 နှစ်ပဲ ရှိသေးတဲ့ ကျောင်းသား Peter Parker ၊ စာအရမ်းတော်တယ်၊ မျက်နှာလည်းပြောင်တယ်။ ဆယ်ကျော်သက်မို့လို့ သူ့မှာ သာမန်ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်နေကျ peer pressure တွေ၊ ရည်းစားထားချင်တာတွေ၊ ကျောင်းစာနဲ့လုံးပမ်းရတာတွေရှိတယ်။ ဒီကြားထဲမှာမှ အစွမ်းတွေရလာလို့ Superhero လည်းဖြစ်ခဲ့တဲ့အတွက် ပိုအလုပ်ရှုပ်လာတယ်။ ဒါတွေကို Homecoming မှာ ပုံဖော်ပြထားတာ လုံးဝ အပြစ်ရှာနိုင်စရာ မရှိသလောက်ပဲ။ သူက ကလေးပဲ၊ မျက်နှာပြောင်တယ်ဆိုလို့ Guardians of the Galaxy လိုမျိုး အရမ်းကြီး ပေါ့ပါးနေတာလည်းမဟုတ်ခဲ့သလို အရမ်း serious ဘက်လည်းမရောက်ဘဲ tone နဲ့ theme ကို ထိန်းသွားတာ တော်တော် ငြိမ်တယ်။

Civil War တုန်းက အဖြစ်အပျက်တွေနဲ့ ဆက်ထားတဲ့အတွက် Peter Parker ဟာ အခုအချိန်မှာ Spider-Man ဖြစ်ပြီးနေပြီ။ Tony ပေးထားတဲ့ စပယ်ရှယ်ဝတ်စုံလည်း ရထားပြီ။ ဆိုတော့ ကြမ်းနေပြီးသားဖြစ်တဲ့ Spider-Man ကို solo ရုပ်ရှင်ရိုက်ပြီဆိုတော့ သူ့ skill ကိုဘယ်လို အစက ပြန်ပြရမလဲ။ ဒီအတိုင်းပဲ ကြမ်းပြီးသားတော့ မရဘူးဆိုတော့ flashback တွေအဖြစ်နဲ့ The Amazing Spider-Man တုန်းကလို Uncle Ben ပြန်သေပေးရဦးမလား၊ သူဘယ်လိုအကိုက်ခံရတာဆိုမျိုး ဇာတ်ကြောင်းပြန်ဦးမလား။ ဒီလို လူတွေလည်းစိတ်ဝင်စားနေကြတဲ့ အချက်တွေကို ရအောင် ကျော်ပြီး ပျင်းစရာတစ်ချက်မှမရှိတဲ့၊ ဇာတ်လမ်းအသွားအလာကိုလည်း လုံးဝမထိခိုက်တဲ့ပုံနဲ့ လုပ်သွားနိုင်တာကိုလည်း သဘောကျစရာပါ။

ပြီးတော့ အရမ်းသဘောကျတဲ့ အချက်တစ်ချက်က ဇာတ်လမ်းအရ Parker ဟာ Spider-Man ဆိုပြီးဖြစ်နေပေမဲ့ ခုမှ ကလေး။ တခြား Iron Man, Captain America တို့လို မရင့်ကျက်သေးဘူး။ အဲအတွက် သူကိုယ်တိုင်က အဲလို တကယ့် Superhero ကြီးတစ်ယောက်ဖြစ်ချင်လို့ မရမက ကြိုးစားနေတာကို ပြထားနိုင်တဲ့အချက်။ ဆိုတော့ Spidey ကို တော်တယ်ဆိုပေမဲ့ အရမ်းကြီး skill မပြထားဘဲ မင်းဘယ်လောက်တော်တော် Avenger တို့လောက် မဟုတ်သေးပါဘူး၊ မင်းငယ်ပါသေးတယ်ဆိုတဲ့ပုံမျိုးကို ပြသွားနိုင်ခဲ့တယ်။ နောက် အဲလို မရင့်ကျက်၊ စွမ်းရည်မပြည့်ဝသေးတဲ့ သာမန်ကလေးသာသာ Spidey ကနေ တကယ့် ယုံကြည်မှုပြည့်ဝတဲ့ Spider-Man စစ်စစ်အဖြစ် ပြောင်းလဲသွားတာကိုလည်း ပေါ်လွင်အောင် ပြသွားတယ်။ ပြီးတော့ ကျွန်တော် Trailer တွေကြည့်ပြီး လန့်နေခဲ့တဲ့ အချက်က ရုပ်ရှင်ကို Iron Man အရမ်းပြပြီး promote လုပ်နေလို့ပါ။ ဆိုတော့ အထဲမှာ Iron Man ခနခန ထည့်ပြီး လူစိတ်ဝင်စားအောင် လုပ်ထားမလား လန့်နေခဲ့ပေမဲ့ လိုတာထက် လုံးဝပိုမထည့်ထားခဲ့ဘူး။

ရိုက်ကူးတင်ဆက်တဲ့အပိုင်းမှာလည်း တော်တော်အားရတယ်။ CGI ကတော့ Disney/Marvel ဆိုတော့ ထွေထွေထူးထူး ကောင်းကြောင်းပြောနေစရာတောင် မလိုတော့သလောက်ပါ။ DP ကလည်း တော်တော်မိုက်တယ်။ ဇာတ်ကောင်တွေရဲ့ အမူအရာတွေ၊ စိတ်ခံစားချက်တွေကို အနုစိတ် အချက်လေးတွေ၊ ဥပမာ မီးပွိုင့်က မီးရောင် မျက်နှာမှာ လာဟပ်နေတဲ့ဟာလို အနုစိတ်အချက်လေးတွေသုံးပြီး အကောင်းဆုံးပုံဖော်သွားနိုင်ခဲ့တယ်။ Music ပိုင်းကလည်း ရုပ်ရှင်ကို တော်တော်လေး လိုက်ဖက်တဲ့ တီးလုံးတွေနဲ့ အထောက်အကူပြုပေးခဲ့တယ်။ အခုလောလောဆယ် MCU မှာ အားနည်းနေတဲ့ Music ပိုင်းကို ကာမိအောင် ကြိုးစားထားတဲ့ပုံပါပဲ။

ဆိုတော့ ရုပ်ရှင်မှာ လူစိတ်ဝင်စားဆုံးအချက်တစ်ချက်က Tom Holland ရဲ့ Spider-Man ဘယ်လိုနေမလဲဆိုတာပါ။ တခြား နာမည်ကြီး ဇာတ်ကောင်တွေကိုပြောသလို သေချာပြောနိုင်တာကတော့ Tom Holland ဟာ Spidey လုပ်ဖို့မွေးလာသလားပါပဲ။ Spider-Man အဖြစ်သာမက သူ့သာမန် ကျောင်းသားဘဝနဲ့ Superhero ဘဝ နှစ်ခုကြား ဖြစ်နေခဲ့တဲ့ သူ့ရဲ့ မျိုးစုံတဲ့ စိတ်ခံချက်အခြေအနေတွေကို အကောင်းဆုံးသရုပ်ဆောင်သွားနိုင်ခဲ့တယ်။ တခြား Michael Keaton ကြီးကလည်း လန်ထွက်နေသလို ကျန်တဲ့ Cast တစ်ခုလုံးလည်း မိုက်တယ်။ Keaton ရဲ့ Vulture ကိုလည်း လွယ်လွယ်ကူကူနဲ့ပဲ အရမ်းအစွန်းရောက် villain ဆိုပြီးလုပ်မထားတာကိုလည်းသဘောကျမိတယ်။

အချုပ်ပြောရရင် ကျွန်တော့်အနေနဲ့ ဒီလို တစ်ကားလုံး ဇာတ်လမ်းစ စာတန်းထိုးကတည်းက ပြီးတဲ့အထိ အပိုအလိုမရှိ လုံးဝစိတ်ကျေနပ်မိတဲ့ ရုပ်ရှင်မျိုး မကြည့်ရတာ တော်တော်ကြာပါပြီ။ MCU ကားတွေ၊ ဥပမာ Avengers ကားတို့ Ant-Man တို့၊ Doctor Strange တို့ဆိုလည်း အင်းကောင်းပါတယ်၊ မဆိုးပါဘူး၊ ကြည့်ပျော်ပါတယ်လေ ဆိုတာလောက်ပဲ ရှိတာများတယ်။ တခြားကားကြီးတွေလည်း ကြည့်ပြီးအားမရသလို ရေးတဲ့ review တွေလည်း ရုပ်ရှင်ကို မကောင်းဘူးပြောတာများလို့ ဒီပေ့က မကောင်းတာတွေပဲ ရေးတတ်သလားလို့ လာပြောရတဲ့အထိပဲလေ။ ဒါပေမဲ့ Spider-Man: Homecoming ကတော့ ဇာတ်လမ်းအစအဆုံး တစ်ကွက်မှ ဒီနေရာလေး ငါသဘောမကျဘူးလို့ ထောက်ပြစရာ မရှိလောက်အောင် ရှားရှားပါးပါး ပြီးပြည့်စုံတဲ့ ကားတစ်ကားပါ။


Movie Information

Director: Jon Watts

Top Billed Cast: Tom Holland, Michael Keaton, Jon Favreau, Zendaya, Donald Glover, Tyne Daly, RDJ

Production: Columbia Pictures, Marvel Studios, Pascal Pictures

Distribution: Sony Pictures

Running Time: 2hrs 13mins

Budget: $175 millions


Movie Rating:

Datshin: 4.5/5

IMDB: 8.3/10

Rotten Tomatoes: 93%

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *