Datshin Picks: War Movies

slide

ကျွန်တော်ကြည့်ဖူးတဲ့ စစ်ကားတွေထဲက စိတ်ထဲစွဲကျန်နေခဲ့တဲ့ ကားကောင်းတွေကို စာရင်းလေး ပြုစုထားပါတယ်။ ခါတိုင်းလိုပဲ ဘယ်ဟာက ဘယ်ဟာထက်ပိုကောင်းတယ် မဟုတ်ဘဲ အဆင်ပြေသလိုပဲ စီထားတာမို့ တစ်ပုံခြင်း ကြည့်ပေးပါဦး။ စာကြွင်းအနေနဲ့ကတော့ စစ်ကားတိုင်းလိုလိုမှာ အယူဝါဒဖြန့်ခြင်း (propaganda) ကတော့ အနည်းနဲ့အများပါလေ့ရှိတဲ့အတွက် ဒါကတော့ သည်းခံရပါတယ်။

Admin Andy


  • Saving Private Ryan (1998)
  • Enemy at the Gates (2001)
  • Lone Survivor (2013)
  • We Were Soldiers (2002)
  • The Fortress of War (2010)
  • Black Hawk Down (2001)
  • Full Metal Jacket (1987)
  • Flags of Our Fathers/ Letters from Iwo Jima (2006)
  • Paths of Glory (1957)
  • Band of Brothers (2001)
  • Apocalypse Now (1979)

Saving Private Ryan (၁၉၉၈)

အားလုံးသိပြီးသား ကားဖြစ်မှာပါ။ မင်းသားကြီး Tom Hanks, Matt Damon တို့ဦးဆောင် ပါဝင်ထားပြီး ဒါရိုက်တာကြီး Steven Spielberg ရိုက်ကူးခဲ့တဲ့ ဒီကားဟာ ရုပ်ရှင် သမိုင်းမှာ အကောင်းဆုံး စစ်ကားတစ်ကား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လေထီးတပ်သားတစ်ယောက်ဖြစ်တဲ့ Private Ryan ရဲ့ ညီအကိုတွေအားလုံး စစ်မျက်နှာ အသီးသီးမှာ ကျသွားပြီးတဲ့နောက် Ryan ကို ရှေ့တန်းကနေ အိမ်ကိုပြန်ခေါ်လာဖို့ အမိန့်ပေးခံရတဲ့ Captain Miller ဦးဆောင်တဲ့ တပ်စုတစ်စုအကြောင်းပါ။

ဒီကားမှာဆိုရင် Normandy ကမ်းခြေကို တက်သိမ်းတဲ့ အခန်းမှာပဲ စစ်ရဲ့ကြောက်မက်ဖွယ်ရာတွေကို အတိုင်းသားမြင်တွေ့ခဲ့ရ ပြီး ငယ်ငယ်က ဒီကားကို ခြေပြတ်လက်ပြတ် ကားကြီးလို့ သမုတ်ခဲ့ပါတယ်။ သေတဲ့အထိ မမေ့နိုင်တော့မဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။


Enemy at the Gates (2001)

ဒီကားကိုလည်း အားလုံးသိပြီးသားလို့ ထင်ပါတယ်။ Sniper သမားတစ်ယောက် အဖြစ် ကျနော်တို့အားလုံးကို စိတ်ကူးယဉ်စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပါ။

ရုရှား တပ်တော် (the Red Army) ရဲ့ ဂန္တဝင် လက်ဖြောင့်တပ်သား တစ်ယောက်ဖြစ်တဲ့ Vassili ရဲ့ ဂျာမန်စစ်မျက်နှာ( Stalingrad) မှာ တိုက်ပွဲဝင်ခဲ့ရပုံအကြောင်းကို ရုပ်ရှင်တစ်ကားအဖြစ် ရိုက်ကူးထားပါတယ်။ Vassili ဟာ တစ်ကယ်အပြင်မှာရှိခဲ့တဲ့ ဂန္တဝင် စနိုက်ပါဖြစ်ပေမယ့် ရုပ်ရှင်ဇာတ်လမ်းကတော့ ကြည့်ကောင်းအောင် dramatization တော့ ရှိမှာပါ။

သို့သော်လည်း ရုရှား စနိုက်ပါ Vassili နဲ့ ဂျာမန် စနိုက်ပါကြီး Major Konig ကြားက ပညာပြိုင်တာတွေ ပြီးတော့ Vassili, Commisar Danilov နဲ့ Chernova တို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတို့ဟာ မေ့မရတဲ့ စစ်ကားတစ်ကားဖြစ်နေစေခဲ့ပါတယ်။

Lone Survivor (2013)

၂၀၀၅ ခုနှစ်မှာ တာလီဘန်ခေါင်းဆောင် တစ်ဦးကို လုပ်ကြံဖို့/ဖမ်းဆီးဖို့ အမေရိကန် Navy Seals အဖွဲ့တစ်ဖွဲ့ကို လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးမအောင်မြင်ခဲ့ပဲ ဒီအဖွဲ့ထဲမှာ ပါသွားတဲ့ Marcus Luttrel တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီအကြောင်းတွေကို Marcus Luttrel ကိုယ်တိုင် စာအုပ်ရေးသားခဲ့တာကို ရုပ်ရှင်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။

Marcus အဖြစ် Mark Wahlberg သရုပ်ဆောင်ထားတဲ့ ဒီကားဟာ လူအင်အားအသာစီးနဲ့ ချောင်ပိတ်တိုက်ခိုက်ခံနေရဲ့ကြားထဲမှာ US Navy Seal တို့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ရဲစွမ်းသတ္တိကို အကောင်းဆုံပုံဖော်နိုင်ခဲ့ပါတယ်။


We Were Soldiers (2002)

ဗီယက်နမ်စစ်ပွဲဟာ အမေရိကန် စစ်သမိုင်းတစ်လျှာက်မှာ အဆိုးရွားဆုံး စာမျက်နှာဖြစ်ခဲ့ပါတယ်။ ဒီစစ်ပွဲအကြောင်းကို ပုံဖော်ခဲ့တဲ့ ရုပ်ရှင်တွေလည်း အများကြီး ထွက်လာခဲ့ပါတယ်။ ဒီထဲကမှ We Were Soldiers က နိုင်ငံရေးထက် စစ်ပွဲကို အာရုံစိုက် ပုံဖော်ခဲ့တယ်လို့ ထင်ပါတယ်။

ဒီကားမှာတော့ ဗီယက်နမ်ကို အမေရိကန်တပ်တွေ ဝင်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ဗီယက်ကောင်း တပ်တွေနဲ့ ရင်ဆိုင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်းကို ရိုက်ကူးထားပါတယ်။ မင်းသားကြီး Mel Gibson က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Hal Moore အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

ဒီကားမှာ သုံးထားတဲ့ ပေါက်ကွဲမှုတွေ မီးလောင်ဗုံးတွေဟာ Computer effect တွေ မဟုတ်ဘဲ တစ်ကယ့်ဖောက်ခွဲမှူတွေကို အသုံးပြုထားပြီး ရုပ်ရှင်တစ်လျှောက် ဗီယက်နမ်စစ်ပွဲမှာ နှစ်ဖက်လုံးရဲ့ ထိခိုက်နစ်နာမှုတွေ၊ တွေးမရနိုင်တဲ့ အခက်အခဲတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နိုင်ခဲ့ပါတယ်။

The Fortress of War (2010)

Fortress of War ကတော့ ရုရှားကားပါ။ အခြားနာမည်အနေနဲ့ The Brest Fortress လို့လည်း ခေါ်ပါတယ်။ နာဇီဂျာမနီနဲ့ စစ်စဖြစ်တော့ ရုရှားနယ်စပ်မှာရှိတဲ့ the Brest Fortress ဝင်သိမ်းရာမှာ Fortress ထဲမှာ တပ်ဆွဲထားတဲ့ Soviet တပ်တွေက လွယ်လင့်တကူ အလျော့မပေးပဲ ရွတ်ရွတ်ချွံချွံ တွန်းလှန်ကာကွယ်တဲ့အကြောင်းပါ။

နိုင်ငံရေးအရ နာဇီတို့နဲ့ အဆင်ပြေနေတဲ့အတွက် ဆိုဗီယက်ပြည်ထောင်စုရဲ့ အနောက်ဘက်စွန်းမှာရှိတဲ့ Brest Fortress မှာဆွဲထားတဲ့ တပ်တွေကလည်း လာမဲ့ဘေးကို မသိဘဲအေးဆေးပဲ နေနေခဲ့ကြပါတယ်။ တစ်ကယ်တမ်း ဂျာမန်တွေရောက်လာတဲ့အခါကျ လူအင်အားလည်း မရှိ လက်နက် ကျည် လည်းမရှိသော်လည်း တပ်ကို လုံးဝအကျမခံဘဲ နောက်ဆုံးအထိ ခုခံသွားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ။

လူတိုင်းသေနတ်မရနိုင်လို့ ဂျာမန်တပ်တွေနဲ့ ဝင်လုံးတဲ့အခါ ခွေးချီခုံတွေနဲ့ပါ ထွက်ရိုက်ကြတဲ့ ဇာတ်ဝင်ခန်းဟာ ရုရှားစစ်သားတွေရဲ့ Raw Power ကြီးကို အပြည့်အဝပုံဖော်ထားနိုင်ခဲ့တာမို့ ကြည့်ဖူးတာကြာပြီဖြစ်သော်လည်း ဒီကားကို မမေ့ခဲ့ပါဘူး။

Black Hawk Down (2001)

1993 ခုနှစ်မှာ Somalia မှာ သောင်းကျန်းနေတဲ့ စစ်ခေါင်းဆောင်များကို နှိမ်နင်းဖို့ဆိုပြီး US အထူးတပ်ဖွဲ့တွေနဲ့ ကြည်းတပ် Rangers တွေကို လွှတ်လိုက်တာမှာ အမေရိကန်တပ်တွေ မြို့ထဲမှာပိတ်မိပြီး အများအပြား သေကြေခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဗီယက်နမ်စစ်ပွဲ အပြီး အမေရိကန် စစ်သမိုင်းမှာ အဆိုးရွားဆုံးလို့ သမုတ်ခြင်း ခံခဲ့ရပါတယ်။

Black Hawk Down ဟာ ဒီအဖြစ်အပျက်ကို နာမည်ကြီး ဒါရိုက်တာကြီး Ridley Scott က ရိုက်ကူးထားတဲ့ကားဖြစ်ပြီး Ewan McGregor Josh Hartnett, Tom Hardy စတဲ့ သရုပ်ဆောင်ပေါင်းများစွာကို သုံးထားပါတယ်။ Matt Damon တောင် ခဏပါလာသေးတယ် ထင်တယ်။ တည်းဖြတ်နဲ့ အသံဖမ်းမှာ အော်စကာရခဲ့တဲ့ဒီကားကိုလည်း ကြည့်ဖူးသမျှမှာ အကောင်းဆုံး စစ်ကားတစ်ကား အဖြစ်ဖော်ပြလိုက်ရပါတယ်။

Full Metal Jacket (1987)

Psychological Thriller ဆရာကြီး Stanley Kubrick ရဲ့ လက်ရာဖြစ်တဲ့ Full Metal Jacket ဟာ ဗီယက်နမ်စစ်ပွဲအကြောင်းကို ပုံဖော်ထားတဲ့ ကားတစ်ကားပါ။ ဒီကားမှာတော့ ဇာတ်လိုက်နေရာမှာ JOKER လို့လူသိများတဲ့ စစ်သတင်းထောက်တစ်ယောက်ပေါ့။

ဒါပေမယ့် ဒီကားမှာ ကျွန်တော် အမှတ်ရနေဆုံးကတော့ ဗီယက်နမ်က စစ်ပွဲတွေမဟုတ်ဘဲ ဗီယက်နမ်မရောက်ခင် လေ့ကျင့်သင်တန်းကျောင်းမှာ ဖြစ်ခဲ့တာတွေကို ရိုက်ပြထားတဲ့ အခန်းပါပဲ။ အဲ့ဒီ့အခန်းတွေဟာ Stanley Kubrick ရဲ့ signature လက်ရာအတိုင်းပါပဲ။ ကြည့်ရတာ စိတ်ညစ်ညူးဖို့၊ ခြောက်ခြားဖို့ ကောင်းပါတယ်။

Flags of Our Fathers/Letters from Iwo Jima

ဒီနှစ်ကားလုံးကို ဒါရိုက်တာကြီး Clint Eastwood ကရိုက်ကူးထားပြီး နှစ်ကားလုံးက ဒုတိယကမ္ဘာစစ် ပစိဖိတ်စစ်မျက်နှာမှာ အကြီးမားဆုံး စစ်ပွဲဖြစ်ခဲ့တဲ့ Battle for Iwo Jima အကြောင်းရိုက်ထားတာပါ။ Flags of our Fathers က အမေရိကန်ဘက်က ရိုက်ထားတာဖြစ်ပြီး Letters From Iwo Jima ကတော့ ဂျပန်ဘက်ကရိုက်ကူးထားတဲ့ ကားဖြစ်ပါတယ်။

နှစ်ကားလုံးကို Clint Eastwood ရိုက်ကူးထားပြီး Steven Spielberg က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Flags of Our Fathers မှာတော့ အမေရိကန် တပ်မတော်ရဲ့ အခမ်းအနားဆုံး ဓာတ်ပုံဖြစ်ခဲ့တဲ့ Iwo Jima မှာ အမေရိကန်အလံစိုက်ထူနေတဲ့ပုံမှာ ပါခဲ့တဲ့ မရိန်းတပ်ဖွဲ့ဝင် ၅ ယောက်ရဲ့ အကြောင်းကို အဓိကထားရိုက်ကူးခဲ့ပါတယ်။ Letters From Iwo Jima ကတော့ Iwo Jima ကျွန်းကို ကာကွယ်ဖို့ အမိန့်ရလာတဲ့ ဂျပန်တပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး Tadamachi အကြောင်းပဲ ဖြစ်ပါတယ်။

Paths of Glory (1957)

Wonder Woman ကြည့်ပြီးနေတုန်း Diana တစ်ယောက် No Man’s Land ကို ဘေးမထိပဲ ကျော်ဖြတ်ခဲ့တာမြင်တော့ ဒီကားကိုချက်ချင်းသတိရခဲ့ပါတယ်။

ပထမကမ္ဘ္ဘာစစ်မှာ Trenched Warfare ကို ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပြီး နှစ်ဖက်လုံးက ကတုတ်ကျင်းတွေတူးပြီး စက်သေနတ်တွေ အခိုင်အမာဆွဲထားတော့ နှစ်ဖက်လုံး ရှေ့တက်လို့မရဘဲ ကြားကနေရက ဘယ်သူမှခြေချလို့မရတဲ့ No man’s Land ဖြစ်လာခဲ့ပါတယ်။

ဒီ No Man’s Land ကိုမှ အသေခံပြီးဖြတ်ခိုင်းတဲ့အခါမှာ ပြင်သစ်တပ်မတော်က တပ်ရင်း တစ်ရင်းက ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်ခဲ့တဲ့အတွက် တပ်ရင်းရဲ့ ဆယ်ယောက်မြောက် တပ်ဖွဲ့ဝင်တိုင်းကို စစ်ခုံရုံးက သေမိန့်ပေးပြီး သတ်ပစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို Stanley Kubrick က ရိုက်ကူးထားပြီး မင်းသားကြီး Kirk Douglas သရုပ်ဆောင်ထာူတဲ့ ဒီကားဟာ ဂန္တဝင်စစ်ကားတစ်ကားအဖြစ် ဖော်ပြလိုက်ပါတယ်။

Band of Brothers (2001)

2001 ခုနှစ်မှာ ပြသခဲ့တဲ့ ဒီ Mini-series ကို Saving Private Ryan မှာ အတွဲညီခဲ့တဲ့ Tom Hanks နဲ့ Steven Speilberg တို့က ထုတ်လုပ်ထားပါတယ်။

ဒုတိယကမ္ဘ္ဘာစစ်မှာ အမေရိကန်လေထီးတပ် 101st Airborne Division ရဲ့ Easy Company တပ်သားတွေနဲ့ ဗိုလ်ကြီး Richard Winters တို့ရဲ့အကြောင်းကို လေ့ကျင့်ရေးဆင်းတာကနေပြီးတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်ထိ ရိုက်ကူးထားပါတယ်။

တစ်ကယ့် Easy Company မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားဟောင်းကြီးတွေကို တွေ့ဆုံမေးမြန်းထားပြီး ရိုက်ကူးထားတာဖြစ်တဲ့ အတွက် တစ်ကယ့်ဖြစ်ရပ်မှန်နဲ့ အတတ်နိုင်ဆူံး ထပ်တူကျနေတဲ့ စစ်ကား ကောင်း ဖြစ်ခဲ့ပါတယ်။

Apocalypse Now (1979)

Francis Ford Coppola ရိုက်ကူးခဲ့ပြီး 1979 ခုနစ်ထွက် ဒီရုပ်ရှင်ဟာ ဗီယက်နမ်စစ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဖန်တီးသူတွေရော စစ်ကားချစ်သူတွေကပါ ထွက်ဖူးသမျှ ဗီယက်နမ်စစ် အခြေခံရုပ်ရှင်တွေထဲက အကောင်းဆုံးကားအဖြစ် သတ်မှတ်ထားကြသလို အကောင်းဆုံး စစ်ကားတစ်ကားလို့လည်း လက်ခံထားကြပါတယ်။ Mel Gibson ရဲ့ We Were Soldiers ကတော့ စစ်ပွဲအခြေခံလို့ပြောရမယ်ဆို Apocalypse Now ကတော့ စစ်ပွဲကြီးကြောင့် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ ဘယ်လိုထိခိုက်ခံစားခဲ့ရသလဲဆိုတာကို ပိုပြထားတယ်လို့ ပြောရမှာပါ။

ဗီယက်နမ်ကို Captain Willard က ဒုတိယအကြိမ် တာဝန်ကျလာတဲ့အခိုက်မှာ ထမ်းဆောင်ခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုအကြောင်းကို ရိုက်ပြထားတာပါ။ တာဝန်ကတော့ ရှေ့တန်းမှာ စိတ်ကြောင်သွားပြီး rogue ဖြစ်သွားတဲ့ US Colonel Kurtz ကို သွားရောက် နှိမ်နှင်းဖို့ဖြစ်ပါတယ်။ စစ်ကို စွဲမက်ခဲ့ပြီး အမိမြေ အိမ်ပြန်ရောက်လို့ အေးဆေးအနားယူခွင့်ရတိုင်း ရှေ့တန်းကိုပဲ ပြန်လာချင်အောင်ဖြစ်ခဲ့တဲ့ Captain Willard တစ်ယောက် ဒီစစ်ဆင်ရေးအပြီးမှာ စစ်ကို အရမ်းမုန်းတီးသွားခဲ့လောက်အောင် ဖြစ်သွားရတဲ့ အကြောင်း ရိုက်ကူးထားတာပါ။

Apocalypse Now ရုပ်ရှင်မှာ 1979 လောက်က ရုပ်ရှင်လို့မပြောရက်နိုင်အောင် ကြီးမားကျယ်ပြန့်တဲ့ တိုက်ပွဲ ဇာတ်ဝင်ခန်းတွေ ပါဝင်သလို စစ်ပွဲကြောင့် နှစ်ဖက်စစ်သည်နဲ့ အရပ်သားတွေ ဘယ်လို စိတ်ရောကိုယ်ပါ ဒုက္ခရောက်ခဲ့ကြရတဲ့အကြောင်းတွေ တော်တော်လေး ပညာသားပါပါ ရိုက်ကူးတင်ဆက်ထားပါတယ်။


 

 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *