Inception Explained

slide

Inception က ဒါရိုက်တာ Christopher Nolan ရဲ့ လက်ရာဖြစ်ပါတယ်။ တော်တော်ကြီးကိုကောင်းတဲ့ကား တစ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းက နည်းနည်းရှုပ်သလိုလို ကြီးသလိုလိုရှိတော့ တချို့နားမလည်ကြပါဘူး။ Interstellar လိုမျိုး Science တွေဘာတွေမပါပေမဲ့ သူက pure creation စိတ်ကူးယာဉ်ဇာတ်လမ်းမို့လို့ ပိုရှုပ်တယ်လို့ပြောလည်း ရသလို မရှုပ်ဘူးဆိုလည်းရတယ်။

IMDB – 8.8

Rotten Tomatoes – 90%

Ref; IMDB, Wikipedia, Screenrant

*Spoiler Alert*

အောက်မှာပါတဲ့ အကြောင်းအရာတွေက ရုပ်ရှင်တစ်ကားလုံးနီးပါးကို ပြန်ပြောပြထားတာမို့လို့ ရုပ်ရှင်မကြည့်ရသေးသူတွေအတွက် Spoiler တွေ အများကြီးပါတယ်ဆိုတာ သတိပြုပါ။

Story

ဇာတ်လိုက်ဖြစ်တဲ့ Dominic Cobb (Leonardo DiCarprio) က professional သူခိုးတစ်ယောက်ပါ။ ခုခေတ်လိုမျိုး ပစ္စည်းတွေဘာတွေ ဖောက်ထွင်းတဲ့သူခိုးမဟုတ်ပါဘူး။ ပစ်မှတ် ဥပမာ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ စိတ်ထဲကို အိမ်မက်ထဲကနေဝင်ပြီး သူ့ရဲ့ business plan တွေ secret တွေကို ခိုးပြီး ပြိုင်ဘက် ကုမ္ပဏီတွေကို ရောင်းတဲ့ပုံစံပါ။ (idea ကို ဝင်ခိုးတဲ့ဟာကို Deception လို့ခေါ်ပါတယ်။)

3

ဇာတ်လမ်းအစမှာ Cobb တို့အဖွဲ့က ဂျပန်သူဌေးကြီး Saito (Ken Watanabe) ကို deception လုပ်တယ်။ ဖြစ်ချင်တော့ Saito ကလည်း သူ့ကို deception လုပ်မှာ သိနေလို့ မအောင်မြင်ခဲ့ဘူး။ Saito က Cobb တို့ ဘယ်လောက်တော်လဲ သိချင်လို့ သက်သက် Audition လုပ်တာလို့ ပြောပါတယ်။ နောက်နေ့မှာ Cobb ကို Saito က အလုပ်အပ်ပါတယ်။ Inception လုပ်ပေးဖို့ပါ။ Inception က Deception ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး လူတစ်ယောက်ရဲ့ စိတ်ထဲက အကြံဥာဏ်တွေ ခိုးမဲ့အစား ကိုယ်ပေးချင်တဲ့ အကြံဥာဏ်ကို သွားထားပေးတာ ဖြစ်ပါတယ်။ အဲဒီလို Idea သွားထားပေးလိုက်တဲ့အတွက် အထားခံရတဲ့လူဟာ အဲဒီအကြံဥာဏ် idea ကြောင့် လုံးလုံးပြောင်းလဲသွားနိုင်တဲ့အတွက် အရမ်း အန္တရာယ်ကြီးပြီး တာဝန်ကြီးတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့် Cobb က မလုပ်ချင်ပေမဲ့ Saito က လုပ်ပေးနိုင်ရင် Cobb ကို သူ့ကလေးတွေဆီပြန်လို့ရအောင် လုပ်ပေးမယ်လို့ပြောလို့ လက်ခံလိုက်ပါတယ်။

Saito’s Plan

6

Saito လုပ်ချင်တဲ့ plan က ဒီလိုပါ။ Fischer Marrow ဆိုတဲ့ စွမ်းအင်ကုမ္ပဏီတစ်ခုက အရမ်း အင်အားကြီးလာပြီး မကြာခင်မှာ Saito ကုမ္ပဏီကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီဖြစ်လာတော့မှာပါ။ ဖြစ်ချင်တော့ Fischer ကုမ္ပဏီ သူဌေးကြီး Maurrice Fischer က အသက်ကြီးပြီး သေတော့မယ်။ သူသေရင် သူ့သား Fischer Jr. ကို လွှဲပြောင်းပေးမှာပါ။ အဲဒီအခါမှာ Saito က Fischer Jr. ကို Inception လုပ်ပြီး မင်းအဖေရဲ့ ကုမ္ပဏီကို လက်မခံနဲ့၊ ကုမ္ပဏီကို ဖြိုခွဲပစ်လိုက်ဆိုတာမျိုးကို လုပ်ခိုင်းချင်တာပါ။ Plan စပြီမို့လို့ Cobb က inception လုပ်ဖို့ လူလိုက်စုပါတယ်။

How Dreams Work

ဒီကားထဲမှာ အိမ်မက်ဘယ်လိုလုပ်တယ်ဆိုတာ အရင်ရှင်းပြပါမယ်။ Deception, Inception လုပ်ဖို့အတွက် လူတွေဟာ shared dreaming လို့ခေါ်တဲ့ အိမ်မက်တစ်ခုတည်းကို အားလုံးစုပြီး မက်ကြရတယ်။ လက်ဆွဲအိတ်သာသာရှိတဲ့ စက်ကလေး အကူအညီနဲ့ပါ။ ပြောရရင်တော့ ဂိမ်းဆော့ဖို့ LAN ထောင်လိုက်သလိုပါပဲ။ လူတစ်ယောက်က အိမ်မက်မက်မယ် (dreamer)၊ တခြားသူတွေ (subjects) က အဲဒီ အိမ်မက်ထဲ လာချိတ်ဆက်ပါမယ်။ Dream ရဲ့ ပိုင်ရှင် (dreamer) က အဲဒီ dream ကိုလိုသလို အကုန်လျှောက်ပြင်လို့ရပါတယ်။ ဥပမာ တိုက်တွေ မိုးပေါ်ပျံတက်သွားတာမျိုးပါ။ နောက် တခြားသူတွေ dream ကို လာချိတ်တဲ့အခါမှာ သူတို့ရဲ့ subconscious တွေပါ ပါလာတဲ့အတွက် dreamworld ကို သူတို့ရဲ့ မှတ်ဥာဏ်ထဲက လူတွေ အလိုလို ထည့်ပြီး populate လုပ်ပါတယ်။ ကျွန်တော်တို့ မက်တဲ့ Dream တွေထဲမှာ ကိုယ်သိတဲ့လူ မသိတဲ့လူတွေ အကုန်ပါချင်သလိုပါနေတာမျိုးပါ။ အဲဒီလို ပါလာတဲ့ subconscious တွေကို ဘယ်သူမှ ထိန်းချုပ် ခိုင်းစေလို့မရပါဘူး။ လာချိတ်ဆက်တဲ့ dreamer တွေက dream ပိုင်ရှင်လောက် physics တွေကို ပြင်ဆင်လို့မရပေမဲ့ အသေးအမွှားလေးတွေ ပြင်နိုင်ပါတယ်။

နောက်တစ်ခုက လူတွေ အိပ်မက်မက်ရင် ဘယ်လိုမက်မက် အိပ်မက်ကို အစစ်အမှန် Reality လို့ထင်ကြပါတယ်။ နိုးလာတော့မှ တစ်ခုခုမှားနေပြီဆိုပြီး dream မှန်းသိကြရတာပါ။ ဒီလိုပဲ အိပ်မက်ထဲမှာ အစစ်အမှန်လို့ ထင်နေကြရပေမဲ့ dreamer က အိပ်မက်ရဲ့ တည်ဆောက်ပုံ physics တွေကို စိတ်ထဲရှိသလို လျှောက်ပြင်နေရင် အိပ်မက်ထဲမှာ ပါလာတဲ့ Subject ရဲ့ subconscious တွေက ဒီ အိပ်မက်ကမ္ဘာကို တစ်ယောက်ယောက်က လျှောက်ဖန်တီးနေတယ်လို့ သိလာပြီး အဲဒီ dreamer ကို လိုက်ရှာကြပါတယ်။ တွေ့ရင်တော့ သတ်ပစ်ကြမှာပါ။

Inception-movie-image

နောက်တစ်ခုက နိုးနေတဲ့လူတစ်ယောက်ဟာ ဦးနောက်ရဲ့ အစိတ်အပိုင်းသေးသေးလေးတစ်ခုကိုသာ အသုံးပြုနိုင်ကြပါတယ်။ အိပ်နေတဲ့အခါမှာတော့ အကုန်လုံးနီးပါးအသုံးပြုနိုင်လို့ အိပ်နေတဲ့အခါ dream ထဲမှာ ဖြစ်ပျက်တာတွေက အရမ်းမြန်တယ်လို့ ထင်ရတဲ့အတွက် အချိန်ကွဲလွဲမှုရှိပါတယ်။ အိပ်မက်ထဲမှာ တစ်နာရီဆို အပြင်မှာ (၅)မိနစ်ပဲကြာပါတယ်။ အိပ်မက်ထဲမှာ အိပ်မက်ဆိုပြီး ထပ်ဆင့်မက်တဲ့အခါမှာလည်း အဲဒီလို ဆပွားပြီး တိုးသွားမှာပါ။

Deception, Inception လုပ်ဖို့အတွက် အကြံဥာဏ်ခိုးတဲ့သူ (extractor) တွေက သူတို့ရဲ့ပစ်မှတ် (အခုကိစ္စဆိုရင် Fischer Jr.) ကိုလည်း shared dreaming ထဲ ထည့်ရပါတယ်။ သူတို့လည်း အိပ်မက်ထဲမှာ သူတို့ဘာသာ သူတို့ လုပ်ကိုင် လှုပ်ရှားနေကြမှာပါ။ သူတို့ကိုယ်ပိုင် subconscious တွေလည်း ပါလာမှာပါ။ အဲဒီ target subject ခေါ်လာတဲ့ subconscious (projection) တွေဆီကနေ သတင်းအချက်အလက်တွေ ရယူပြီး target ရဲ့ ဖွက်ထားတဲ့ idea တို့ဘာတို့ကို ရှာရပါတယ်။ နောက်လုပ်ကြတာက Extractor တွေက အိပ်မက်ထဲမှာ လုံခြုံတဲ့နေရာတစ်ခုခု ဥပမာ ဘဏ်တိုက်လိုမျိုးကို ထည့်ပြီးဆောက်ထားတယ်ဆိုရင် သူတို့ ခေါ်လာတဲ့ target subject ဟာ သူကာကွယ် သိမ်းဆည်းချင်တဲ့ အရာ (အခုကိစ္စမှာဆို Idea) တွေကို အလိုလို ထည့်ထားလေ့ရှိတယ်။ အဲဒါကို Extractor တွေက ပြန်ဖောက်ပြီး ခိုးကြပါတယ်။

နောက် shared dreaming အတွင်းမှာ အိပ်မက် ဝင်မက်နေကြတဲ့လူတွေက စက်မှာပေးထားတဲ့ timer မကုန်မချင်း ဒါမှမဟုတ် အိပ်မက်ထဲမှာ မသေမချင်း မနိုးနိုင်ပါဘူး။ သေရင်နိုးလာပေမဲ့ ဒဏ်ရာရရင်တော့ အပြင်မှာလိုပဲ တကယ်နာတယ်လို့ ခံစားရပါတယ်။

Totem

5

အိပ်မက်တွေထဲ ဝင်နေရတာမို့လို့ ဘယ်ဟာ အစစ်မှန်း အိပ်မက်မှန်း သိဖို့ ခက်လာတဲ့အတွက် Cobb တို့အဖွဲက Totem တွေသုံးတယ်။ အဲဒါကတော့ ပိုင်ရှင်ပဲ သိတဲ့ အလေးချိန် အရွယ်အစားနဲ့ ပုံစံရှိတဲ့ ပစ္စည်းလေးတွေပါ။ Cobb ရဲ့ totem က ဂျင်လေးပါ။ အပြင်မှာ လည့်ရင် လည်ပြီး လဲသွားမယ်၊ အိပ်မက်ထဲမှာဆို ဘယ်တော့မှ မရပ်ဘဲ ဆက်လည်နေမှာပါ။

 

Architect

လူစုတဲ့အခါမှာ Cobb တစ်ယောက် အရင်ဆုံး ရှာရတာကတော့ Architect ပါ။ Architect ဟာ အိမ်မက်ရဲ့ ပုံစံ ဒီဇိုင်းကို တည်ဆောက်ပေးရတဲ့လူဖြစ်ပါတယ်။ ပြောရရင် ဂိမ်းတစ်ခုကိုဆွဲတဲ့ designer လိုပါပဲ။ သူက အိပ်မက်ကို ဒီဇိုင်းဆွဲပြီး အိပ်မက်မက်တဲ့သူတွေကို သင်ပေးလိုက်ရမှာပါ။ အိပ်မက်တစ်ခုကို ဆွဲတဲ့အခါမှာ architect က အိပ်မက်ကို ဝင်္ကပါ maze လိုသဘော ဆွဲရပါတယ်။ ကြည့်လိုက်လို့ မသိပေမဲ့ တကယ်တမ်း ရှုပ်နေတဲ့ တည်ဆောက်ပုံတွေနဲ့ကျမှ subconscious/projection တွေက အိပ်မက်မက်တဲ့လူကို ရှာရခက်မှာဖြစ်ပြီး အိပ်မက်ထဲမှာ extractor တွေ ကြာကြာလှုပ်ရှားနိုင်မှာဖြစ်ပါတယ်။

7

Cobb က Architect လိုချင်လို့ သူ့ယောက္ခမ စာသင်တဲ့ ပြင်သစ်က ကျောင်းကို လိုက်သွားပါတယ်။ ဟိုမှာ Ariadne ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး architect လုပ်ဖို့ ရွေးလိုက်ပါတယ်။

Forger

ဒုတိယလူကတော့ Forger ပါ။ အတုလုပ်တဲ့သူပေါ့။ သူ့ speciality ကတော့ အပြင်မှာ ရှိတဲ့လူတစ်ယောက် ပုံစံအတိုင်း အိပ်မက်ထဲမှာ ဟန်ဆောင် သွားလာတတ်တာပါ။ ဥပမာ အိပ်မက်ထဲမှာ မိန်းကလေး ဟန်ဆောင်တာတို့ လူအိုကြီး ဟန်ဆောင်တာတို့ လုပ်ပြီး ကိုယ်လိုချင်သလို target subject ကို လှည့်စားဖို့ဖြစ်ပါတယ်။

8

Forger ဖြစ်တဲ့ Eames (Tom Hardy) ကိုတော့ Cobb တစ်ယောက် Mombasa မှာ သွားခေါ်ရပါတယ်။

Chemist

Inception လုပ်ဖို့အတွက် target subject ရဲ့ စိတ်ရဲ့ ဟိုးအတွင်းပိုင်းအထိ သွားရမှာမို့လို့ အိပ်မက် သုံးထပ် မက်ဖို့လိုပါတယ်။ အိပ်မက်ထဲမှာ အိပ်မက်မက်ရင်း အိပ်မက်မက်ဖို့ဆိုတာ မလွယ်ပါဘူး။ အပြင်မှာနည်းနည်းလေး လှုပ်တာရှားတာလေ ရှိလိုက်တာနဲ့ အိပ်မက်က နိုးလာမှာပါ။ ဒါမို့ အိပ်မက် သုံးထပ်မက်လည်း မနိုးအောင်လုပ်ဖို့ ဆေးသုံးရပါတယ်။ အဲဒီ Powerful sedative ကိုတော့ chemist ဆီက ရတာဖြစ်ပါတယ်။

Chemist ဖြစ်တဲ့ Yusuf ကိုတော့ Mombasa မှာပဲ Eames မိတ်ဆက်ပေးလို့ အဖွဲ့ထဲ ခေါ်ဖြစ်ခဲ့တယ်။

*** Note *** အပေါ်မှာ Tab Bar လေးတွေရှိပါတယ်။ အပေါ်ကိုပြန်တက်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

 

The Plan

Inception အတွက် အိပ်မက် နက်နက်မက်ဖို့အပြင် သွားချထားပေးမဲ့ အတွေးအခေါ် idea ကလည်း အရိုးအရှင်းဆုံးဖြစ်ရပါမယ်။ ရှုပ်ရင် နားမလည်ဖြစ်ပြီး ထူးမှာမဟုတ်လို့ပါ။ အဲဒီအတွက် Cobb တို့အဖွဲ့ စဉ်းစားကြတာမှာ Fischer သားအဖက သိပ်မတည့်လို့ ငါ ငါ့အဖေကုမ္ပဏီကို လက်မခံဘူး၊ ငါ့ဟာငါ လုပ်မယ်ဆိုတဲ့ သဘော သုံးဖို့ လုပ်ပါတယ်။ Eames ကလည်း Fischer ရဲ့ လက်ရုံးဖြစ်တဲ့ Peter Browning ဆိုတဲ့လူကို သွားလေ့လာတဲ့အခါမှာလည်း Fischer သားအဖ အခြေအနေက တော်တော်လေးဆိုးတဲ့အပြင် Peter Browning ကလည်း Fischer Sr; သေရင် ကုမ္ပဏီကို လက်ဝါးကြီးအုပ်ချယ်လှယ်မဲ့ အရိပ်အယောင်တွေ တွေ့ရတယ်။

အိပ်မက်ကို သုံးထပ်မက်တဲ့အခါမှာ Yusuf ရဲ့ ဆေးသုံးထားတဲ့အတွက် ဘယ်လို နှိုးနှိုး မနိုးသလောက်ဖြစ်နေပြီ။ အဲဒီအတွက် Mission အပြီး အိပ်မက်ထဲက ပြန်ထွက်ဖို့အတွက် နည်းလမ်းရှာရတယ်။ Yusuf ရဲ့ လက်ရာအရ သူ့ဆေးသုံးထားရင် လှုပ်နှိုးရင်မနိုးဘူး၊ ဒါပေမဲ့ Kick ဆိုတဲ့ ပြုတ်ကျ လဲကျတဲ့ feeling ရလိုက်ရင် နိုးလာမှာဖြစ်ပါတယ်။ အိပ်မက် အဆင့်ဆင့် နှိုးတော့မယ်ဆိုရင် dreamer ကို နားကျပ်တပ်ပြီး သီချင်းဖွင့်ပေးမှာဖြစ်ပါတယ်။ သီချင်းစပြီး (၁၀) စက္ကန့်အကြာမှာ kick လုပ်ပြီး နှိုးမှာဖြစ်လို့ သီချင်းသံကြားတာနဲ့ dream layer တွေ အဆင့်ဆင့် အချိန်ကိုက် လုပ်နိုင်မှာဖြစ်ပါတယ်။

Fischer Jr; ကို Inception လုပ်ဖို့အတွက် သူ့ကို အိပ်အောင် လုပ်ဖို့လိုပါတယ်။ သူ့ကို အိပ်မွေ့ချရအောင် ဘာဆိုဘာမှ လမ်းမရှိဘူး။ ဒါပေမဲ့ Fischer ခဏခဏ သွားတဲ့ Sydney ကနေ Los Angeles လေကြောင်း ရှိတယ်။ ကမ္ဘာ့အကြာဆုံး လေကြောင်းခရီးဖြစ်ပြီး (၁၀)နာရီကြာမှာပါ။ Cobb တို့လိုတာလည်း (၁၀) နာရီဆိုတော့ ကွက်တိပါပဲ။

Mission မှာ Cobb, Arthur, Eames, Adriadne, Yusuf နဲ့ Saito တို့ပါမှာဖြစ်ပါတယ်။ အကုန်လုံး သူ့ role နဲ့ သူရှိပေမဲ့ Saito ကတော့ သူအပ်တဲ့အလုပ် အောင်မြင်လား မအောင်မြင်လား ကြည့်ချင်လို့ လိုက်ကြည့်တဲ့ Tourist ပါ။

Layer – 1 , The Rainy Day

Fischer Sr; ဆုံးသွားလို့ လေယာဉ်နဲ့ အလောင်းသယ်တဲ့အခါမှာ Mission စ ပါတယ်။ လေယာဉ်ပေါ်မှာ Fischer Jr; ကို ဆေးတို့ပြီး အိပ်မွေ့ချပါတယ်။ ပထမဆုံး အဆင့် Dream ရောက်ပါတယ်။ Layer – 1 အိပ်မက်မက်သူ Dreamer ကြီး Yusuf က မအိပ်ခင် သောက်တာများသွားလို့ အိပ်မက်ထဲ မိုးသည်းနေပါတယ်။ အဲဒီမှာ Taxi ရှာနေတဲ့ Fischer ကို ဖမ်းကြပါတယ်။ ဖြစ်ချင်တော့ Fischer ခေါ်လာတဲ့ subconscious/projection တွေက Cobb တို့အဖွဲ့ကို လက်နက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တယ်။ ဘာလို့ဆို Fischer ဟာ Extractor တစ်ယောက်ဆီက သူ အခုလို အိပ်မက်ထဲဆွဲအသွင်းခံရတဲ့အခါမှာ ကာကွယ်နိုင်အောင်လို့ သင်တန်းတက်ဖူးထားတဲ့အတွက် သူ့ projection တွေက စစ်သားတွေလိုဖြစ်နေတာပါ။ Cobb တို့အဖွဲ့ လွတ်သွားပေမဲ့ Tourist ကြီး Saito က ကျည်ထိသွားတယ်။ Eames က Saito နာနေလို့ အနာသက်သာအောင် သတ်မလို့လုပ်ပါတယ်။ ဒါပေမဲ့ Cobb ပြောစကားအရဆိုရင် ဆေးသုံးထားတဲ့အတွက် အိပ်မက်ထဲမှာသေရင် နိုးလာမှာမဟုတ်ဘဲ Limbo ဆိုတဲ့ တည်ဆောက်ထားခြင်းမရှိတဲ့ အိပ်မက်ကမ္ဘာထဲ မြောသွားပြီး coma လို ဖြစ်သွားမှာပါ။

lvl1

Eames က Peter Browning ဟန်ဆောင်ပြီး Fischer ကို လှည့်စားပါတယ်။ မီးခံသေတ္တာ နံပါတ်ကို မေးပါတယ်။ Fischer ရဲ့ အဖေက သူ့သားကို ကုမ္ပဏီကို ဖြိုခွဲဖို့ မှာခဲ့တယ်ဆိုတဲ့ idea ကို ဖြေးဖြေးချင်း သွင်းပေးတာပါ။ အဲမှာသိရတာက သူတို့ သားအဖဟာ ထင်တာထက် ပိုပြီး အခြေအနေဆိုးနေပါတယ်။

About Cobb

Ariadne မေးလို့ Cobb ပြောပြတဲ့ သူ့အကြောင်းပါ။ တကယ်ဆို Cobb က အရမ်းတော်တဲ့ architect ပါ။ ဒါပေမဲ့ သူ design ထပ်မဆွဲတော့ဘူး။ ဘာလို့ဆို သူ့မိန်းမကြောင့်ပါ။ Cobb နဲ့ သူ့မိန်းမ Mal တို့နှစ်ယောက်သား အရမ်းချစ်ကြပါတယ်။ Dream sharing လုပ်ပြီး limbo ထဲထိ လျှောက်သွားဖူးတယ်။ အိပ်မက်ကမ္ဘာထဲမှာ နှစ်ယောက်ထဲ နတ်ဘုရားတွေလို လုပ်ချင်တာလုပ်ပြီး နှစ်ယောက် တစ်ကမ္ဘာလုပ်ခဲ့ကြတာ နှစ်ပေါင်းအကြာကြီးပါပဲ။ ကြာတော့ Cobb က ငြီးငွေ့လာတယ်။ Dream ထဲမှာ god တွေလို ဖန်တီးချင်သမျှ ဖန်တီးနေနိုင်ပေမဲ့ တကယ် reality မဟုတ်လို့ပါ။ ဆိုတော့ သူက နိုးချင်ပြီ။ ဒီလိုနဲ့ လင်မယားနှစ်ယောက် အိပ်မက်ထဲမှာ ရထားလမ်းပေါ် ခေါင်းခင်းအိပ်ပြီးသတ်သေရင်း နိုးလာတယ်။ ဒါပေမဲ့ အပြင်ရောက်လာတော့ Mal က ထူးဆန်းနေပါတယ်။ တကယ့် reality ကို ရောက်တာတောင်မှ ဒါကလည်း dream ပဲလို့ ထင်နေတယ်။ သူ့ကလေးတွေဆီ ပြန်သွားချင်တယ်။ အိပ်မက်က နိုးချင်တယ်ဆိုပြီး တောက်လျှောက်ဖြစ်နေတယ်။ ဆိုတော့ အိပ်မက်က နိုးဖို့ တစ်ခုပဲရှိတယ်။ သေကြောင်းကြံတာပါ။ Mal တစ်ယောက် သတ်သေသွားတဲ့အခါ Mal ကို Cobb က သတ်တယ်လို့ ထင်ကြတဲ့အတွက် Cobb မှာ US က ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ အခု Saito အတွက် အလုပ်လုပ်တာလည်း သူ့အမှုကို ချေဖျက်ပေးမယ်ဆိုလို့ လုပ်တာပါ။ ပိုက်ဆံကြောင့် မဟုတ်ပါဘူး။ ခုလည်း Cobb က သူ့မိန်းမကို အရမ်းချစ်တော့ အိပ်မက်ထဲမှာ သူတို့ရဲ့ memory တွေတွေနဲ့ နေရာတွေလုပ်ပြီး ခဏခဏ သွားတွေ့တယ်။ ပြောရရင် လက်မလွှတ်ချင်သေးဘူး။ သူသိတဲ့ Mal ကလည်း သူ့ကို သေအောင် (သူ့ဆီလိုက်လာအောင်) လုပ်နေတဲ့လူဆိုတော့ သူလုပ်သမျှ အဆင်မပြေအောင် လိုက်လုပ်တတ်တယ်။ အဲဒါမို့လို့ Cobb က အိပ်မက်ကို design လည်းမလုပ်ဘူး၊ design ကိုလည်း မသိချင်ပါဘူး။ တည်ဆောက်ပုံသိရင် သူ့မိန်းမ ပြဿနာရှာမှာစိုးလို့ပါ။

Dream Layer 2 – The Hotel

Fischer ရဲ့ militarised subconscious တွေက လိုက်သတ်နေလို့ cobb တို့အဖွဲ့မှာ တစ်ပတ်လောက်လုပ်ရမဲ့ mission ကို နာရီပိုင်းအတွင်းလုပ်ရတော့မှာပါ။ ဒါနဲ့ တစ်ဖွဲ့လုံး ကားပေါ်တက်၊ dream sharing လုပ်ပါတယ်။ Yusuf က ကားမောင်းပါတယ်။

lvl 2

Dream Layer 2 ဖြစ်တဲ့ ဟိုတယ်ရောက်တော့ Cobb က Fischer ကို သူ့ကိုယ်သူ Mr. Charles ဆိုပြီး လှည့်စားပါတယ်။ Fische ရဲ့ Subscious တွေကို train လုပ်ပေးထားတဲ့ သူတစ်ယောက်ပါ၊ ခုဖြစ်နေတာ အိပ်မက်၊ တကယ်မဟုတ်ဘူး ဆိုပြီး ပြောတဲ့အတွက် နောက်ဆုံး Fischer က Cobb ဘက်ပါဘာပြီး သူ့ကိုယ်ပိုင် Subconsious တွေကို ရန်သူလို့ မြင်သွားတယ်။ Eames နဲ့ Cobb တို့ ဆေးထိုးထားလို့  Peter Browning က မကောင်းဘူးလို့ ထင်နေတာလည်း သိလာရတယ်။ ဒါနဲ့ပဲ Cobb က Fischer ကို Peter Browning ဘာတွေကြံနေသလဲ ဝင်ကြည့်ကြမယ်လို့ ပြောပြီး dream ထဲ ထပ်ဝင်ပါတယ်။ တကယ်ဆိုရင်တော့ Fischer ထဲကို ဝင်မှာပါ။ ခုလိုလုပ်လိုက်တော့ Fischer က သူ့ကို Inception လုပ်တာ ပြန်ကူညီတဲ့ပုံဖြစ်သွားတယ်။

Dream Layer 3 – Snow Fortress

lvl 3

Cobb တို့အဖွဲ့ နှင်းတောင်ပေါ်ရောက်ပါတယ်။ လူခွဲပြီးတော့ ခံတပ်ကြီးဆီသွားမှာပါ။ ခံတပ်ထဲက အခန်းထဲမှာ Fischer ကို inception လုပ်ဖို့ idea ကြီး စောင့်နေပါတယ်။ ဒီလိုပဲ ဒီ layer မှာ ပစ်ခတ်သွားလာနေတုန်း တခြား layer 1 နဲ့ 2 တွေမှာလည်း dreamer တွေဖြစ်တဲ့ Yusuf နဲ့ Arthur တို့လည်း subscious တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ Yusuf က အဆင်မပြေတော့လို့ ကားကို ရေထဲမောင်းချပြီး Kick လုပ်တော့မယ်။ ဆိုတော့ အားလုံးနိုးတော့မှာပါ။ အဲဒီအတွက် Yusuf ကား တံတားပေါ်က မကျခင် (၁၀)စက္ကန့်အတွင်းမှာ Cobb တို့ mission ပြီးအောင် လုပ်ရတယ်။ ဖြတ်လမ်း လိုလာတဲ့အတွက် Cobb က Ariadne ကို ဖြတ်လမ်းမေးပြီး Fischer တို့ကို ပြောပြခိုင်းတယ်။ အဲဒီအချိန်မှာပဲ Yusuf ရဲ့ ကားက တံတားကို တိုက်တယ်။ Kick မဖြစ်လို့ မနိုးကြဘူး။ ဆိုတော့ နောက် kick ဖြစ်တဲ့ ကားရေထဲကျတဲ့အချိန်မတိုင်ခင်မှာ လှုပ်ရှားကြရပြန်တယ်။ Fischer မှာ ခံတပ်ထဲရောက်ပြီး အခန်းထဲဝင်ခါနီးရှိသေး Dream တည်ဆောက်ပုံသိလို့ ရောက်လာတဲ့ Mal က ပစ်သတ်လို့ သေသွားတယ်။ ဆိုတော့ Limbo ထဲရောက်သွားတာပေါ့။ ဒါနဲ့ Cobb နဲ့ Aridne တို့နှစ်ယောက် Fischer ကို ရှာဖို့ Limbo ထဲဝင်တယ်။ Mal နဲ့တွေ့တယ်။

Dream Layer 4 – Limbo

2

Cobb ပြောတာကတော့ သူ့မိန်းမ အရင်က Reality ကို Dream လို့  ထင်ပြီး သတ်သေသွားတာ သူ Inception လုပ်ထားလို့ပါ။ အိပ်မက်ထဲက နိုးချင်နေတဲ့ Cobb က မနိုးဘဲ အိပ်မက်ထဲဘဲ ပျော်နေတဲ့ သူ့မိန်းမစိတ်ထဲဝင်ပြီး ဒီကမ္ဘာဟာ အစစ်အမှန်မဟုတ်ဘူး ဆိုပြီး idea ရိုးရိုးလေး ထည့်လိုက်တယ်။ ဒါနဲ့ လင်မယားနှစ်ယောက် နိုးလာတယ်။ ဆိုးတာက သူ့မိန်းမက သူပေးတဲ့ idea ကို စွဲနေပြီး ဒါက တကယ်မဟုတ်ဘူးလို့ ထင်နေဆဲ။ ဒါမို့ သတ်သေသွားတာပါ။ ခုတော့ Limbo ထဲမှာ Cobb က သူ့မိန်းမ Mal စကားပြောပြီး စာရင်းရှင်းခဲ့တယ်။

 

Inception

Ariadne က Fischer ကို တိုက်ပေါ်က ကန်ချပြီး သူလည်း ခုန်ချတယ်။ Fischer က နိုးလာတော့ အခန်းထဲဝင်ကြည့်တယ်။ သူ့အဖေက သူ့လိုလိုက်မလုပ်နဲ့လို့ ပြောတော့မှ နှစ်ယောက်သား ကြားက ဆက်ဆံမှု ပြန်ကောင်းပြီး Fischer လည်း ကုမ္ပဏီ ပြိုကွဲခဲ့ အကြံကို လက်ခံလိုက်တယ်။ Van လည်း ရေနဲ့ထိပြီမို့လို့ Layer တစ်ခုပြီး တစ်ခု kick တွေနဲ့ နိုးလာကြတယ်။ Cobb တော့ မပါလာဘူး။ ဘာလို့ဆို Saito လည်း သေသွားပြီမို့လို့ သူ့ကို Limbo ထဲ လိုက်ရှာဦးမှာပါ။

The Final

Cobb က လူအိုကြီး Saito ကိုတွေ့ပြီး သူနဲ့ လိုက်ခဲ့ဖို့ ဖျောင်းဖြတယ်။ Saito က ပြန်မှတ်မိပြီး သေနတ်ပေါ် လက်တင်လိုက်တယ်။ (ဘာလုပ်လည်း မပြဘူး)။ Cobb နိုးလာတယ်။ အလေယာဉ်ပေါ်မှာ။ Mission ပြီးပြီ။ အားလုံးအဆင်ပြေတယ်။ Saito လည်း ဖုန်းခေါ်ပြီး ရှင်းလိုက်လို့ Cobb လေယာဉ်ဆိုက်တော့ အဖမ်းမခံရဘူး။ သူ့ယောက္ခမ လာကြိုတယ်။ အိမ်ရောက်တယ်။ Dream လား Reality လား သိချင်လို့ သူ့ totem လေး လှည့်လိုက်တယ်။ အဲဒီမှာသူ့ကလေးတွေ တွေ့ရလို့ ပျော်ပြီး ကလေးတွေနဲ့ သွားတွေတယ်။ သူ့ totem က လည်နေတုန်း။ နည်းနည်းလေး လှုပ်သွားတာကိုပြပြီး ဇာတ်သိမ်းသွားတယ်။

Conclusion

Inception ဇာတ်လမ်း ဇာတ်သိမ်းပိုင်းက တော်တော်ကြီးကို လွန်အားကြီးတဲ့ ဇာတ်သိမ်းတစ်ခုပါပဲ။ အဲဒီတစ်ကွက်လေးနဲ့ ကြည့်နေတဲ့လူတွေ အချင်းချင်း စကားတွေများပြီး ငြင်းခုန်နေကြရတဲ့အထိပါပဲ။ ဘာကိုပြောတာလဲ၊ ဘယ်လို သိမ်းသွားတာလဲကတော့ ဘယ်သူမှ သေချာမသိပါဘူး။ Nolan အထာပဲလေ။ Theory တွေအများကြီးရှိတယ်။ တစ်ခုက – Cobb က အိပ်မက်ထဲမှာ လက်ထပ်လက်စွပ်ဝတ်တယ်၊ အပြင်မှာ မစွတ်ဘူး။ နောက်ဆုံးပိုင်းမှာလက်စွပ်မတွေ့လို့ Cobb တကယ် အောင်မြင်သွားတယ်။ တချို့လည်း မဟုတ်ဘူး၊ limbo ထဲမှာပဲလို့ပြောတယ်။ တချို့ကလည်း မဟုတ်ဘူး၊ တစ်ကားလုံးက Dream ကြီးပဲလို့ပြောတယ်။ တချို့က အားလုံးက Mal ရဲ့ လှည့်ကွက်၊ Ariadne က Mal ဟန်ဆောင်ထားတာတဲ့။ အများကြီးပဲ။ Nolan က Interview မှာ ပြောတာကတော့ သူပြောချင်တာက “chase your dreams” ဆိုတာ မလုပ်ဘဲနဲ့ “chase your reality” ပါတဲ့။ Cobb က သူ့ reality ဆိုတဲ့ ကလေးတွေကို တွေ့ချင်နေတာ တော်တော်ကြပြီ။ နောက်ဆုံး တွေ့တဲ့အခါလည်းကျ သူဘယ်ဟာ ဘာမှန်း ဂရုမစိုက်တော့ဘဲ အဲဒါကိုပဲ Reality လို့ မြင်လိုက်တယ်။ အဲဒီသဘောပါ။ တစ်ကားလုံး ဘယ်လိုဖြစ်တယ်ဆိုတာတော့ မပြောသွားဘူး။

Inception ဟာ Christopher Nolan ရဲ့ ဆယ်နှစ်လောက် ရေးခဲ့ စိတ်ကူးခဲ့ရတဲ့ ကိုယ်ပိုင်ဇာတ်လမ်းဖြစ်ပြီး ထွက်တဲ့နှစ်မှာ Oscar 4 ခုရပြီး အဲဒီနှစ်ရဲ့ ဆုအများဆုံးရတဲ့ ကားလည်းဖြစ်ပါတယ်။ Best Visual Effects, Achievement in Sound Mixing, Achievement in Sound Editing နဲ့ Achievement in Cinematography တို့မှာ ရခဲ့ပါတယ်။ Best Picture, Best original score, best art direction တို့ စကာတင်ဝင်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဇာတ်လမ်းအစအဆုံးမှာ Music အရမ်းကောင်းပြီး ရိုက်ချက် ရိုက်ကွက် visual effect တွေပြောစရာ မရှိအောင် ကြမ်းတဲ့ အရမ်းကောင်းတဲ့ ကားတစ်ကားပါ။

Inception-movie-image

စာဖတ်သူတို့လည်းကြည့်ဖူးကြမှာပါ။ ဘယ်လိုထင်ပါသလဲ။ ရှင်းတဲ့အထဲမှာ လွဲတာ လိုတာပါရင်လည်း ပြောကြပါဦး။ Cheers!

 
 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *