Movie Spoiler ဆိုတာဘာလဲ?

slide

Spoiler ကြီး (သို့မဟုတ်) Spoil လုပ်တယ်ဆိုတာကို လူတွေတော်တော်များများကြားဖူးကြပေမဲ့ တချို့က နားလည်မှုလွဲနေတာတွေရှိပါတယ်။ Spoil လုပ်တယ်ဆိုတာ သတင်းအမှားကိုပြောတာ ဇာတ်လမ်းကို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ပုဒ်မှာပါတဲ့ အဓိကအခန်းတွေ အထူးသဖြင့် ဇာတ်သိမ်းခန်းလိုမျိုး ရုပ်ရှင် ဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိကအကျဆုံး အခန်းတွေကို မကြည့်ရသေးသူကို ထုတ်ဖော်ပြောပြတာကို ဆိုလိုတာပါ။ အဲလိုမျိုးမကြည့်ရသေးသူကို ထုတ်ပြောလိုက်တဲ့အတွက် အပြောခံရသူ Spoil အလုပ်ခံရသူ ရုပ်ရှင်ကြည့်တဲ့အခါမှာ ခံစားရတာသိပ်မရှိဘဲ အရသာပျက်သွားပါတယ်။ ဥပမာ အချစ်ဇာတ်လမ်းတစ်ခု၊ Poster နဲ့ Trailer တွေအရ ပုံမှန်ကြည့်သူအတွက် Happy Ending ရှိမယ်လို့ထင်ရပေမဲ့ ကြည့်ပြီးတဲ့သူက နောက်ဆုံးမှာ မညားဘူး၊ ဇာတ်လိုက်သေသွားတယ်ဆိုပြီး ပြောလိုက်တဲ့အခါ ကြည့်မဲ့သူဟာ အော်အေး မင်းသားက ဘယ်လိုဖြစ်ဖြစ် သေမှာပဲလို့ ၊ နှစ်ယောက် ကွဲမှာပဲဆိုတာတွေတွေးပြီးဇာတ်သိမ်းသိနေတဲ့အတွက် ကြည့်ရတာအရသာမရှိတော့ပါဘူး။ အဲလိုမျိုး Spoil လုပ်တဲ့သူကို Spoiler လို့ခေါ်ပါတယ်။

နောက်တစ်ခုက Spoiler ဆိုတာ ရုပ်ရှင်တစ်ကားရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းကိုပဲပြောတာမဟုတ်ပါဘူး။ အများအားဖြင့် ဇာတ်သိမ်းမှာရှိပေမဲ့ အပေါ်မှာပြောခဲ့သလိုပဲ သက်ဆိုင်ရာရုပ်ရှင်ရဲ့ အဓိကအခန်းတွေကိုပြောတာဖြစ်တဲ့အတွက် ရုပ်ရှင် ဇာတ်လမ်းပေါ်မူတည်ပြီး ဇာတ်လမ်း အလယ်ပိုင်းအပြင် ဇာတ်လမ်းစစချင်းပိုင်းမှာလည်း ရှိချင်ရှိတတ်ပါတယ်။ Spoiler ဆိုတာမှာလည်း Minor, major ဆိုတာမျိုးတွေရှိပါတယ်။ Major Spoiler တွေဟာ အဓိကအားဖြင့် ဇာတ်သိမ်းပိုင်းတို့လို ဇာတ်လမ်းတစ်ပုဒ်ရဲ့ ရလဒ် သို့မဟုတ် အဖြေထွက်တဲ့အချိန်တွေဖြစ်တတ်ပါတယ်။ Minor တွေကတော့ သိပ်ပြီးအရေးကြီးတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ မဟုတ်ပေမဲ့ သူလည်း အတိုင်းအတာတစ်ခုအထိတော့ အရသာပျက်စေတာပါပဲ။ သို့ပေမဲ့ spoiler တွေက သက်ဆိုင်ရာ ရုပ်ရှင်ကြည့်သူနဲ့ ပိုပြီးဆိုင်လေတော့ သူ့အတွက် ဘယ်ဟာက major ဘာက minor ဆိုတ တစ်ယောက်နဲ့တစ်ယောက် ကွဲပါလိမ့်မယ်။ အဲဒါမို့လို့ နိုင်ငံတကာ ရုပ်ရှင် website တွေမှာဆို တစ်ခါတစ်လေ “အခုဖော်ပြမဲ့အကြောင်းအရာတွေဟာ စာဖတ်သူအတွက် level ပေါင်းစုံ spoiler တွေပါလို့ ရုပ်ရှင်မကြည့်ရသေးရင် သွားကြည့်ပြီးမှ ပြန်လာဖတ်ပါ” ဘာညာ ရေးကြရပါတယ်။

no-spoilers-sign-Google-Search-2015-01-06-17-05-04

Spoiler နဲ့ပတ်သက်လို့ ရုပ်ရှင်ကြည့်သူတွေထဲမှာ Spoiler ကြောက်တဲ့သူရှိသလို လုံးဝမကြောက်တဲ့သူလည်းရှိပါတယ်။ ကျော်တို့ ဓာတ်ရှင်အဖွဲ့သားတွေမှာလည်း နှစ်မျိုးလုံးရှိပါတယ်။ Spoiler မကြောက်သူတွေက ဖြစ်နိုင်ရင် ရုပ်ရှင်တစ်ပုဒ်ကို အစအဆုံးသိပြီးမှ ကြည့်ချင်ကြတဲ့သူတွေရှိသလို ကြောက်သူတွေကလည်း တစ်စက်လေးမှ မသိချင်ဘဲ ရုပ်ရှင်ကြည့်မှ အစအဆုံး ကြည့်ရှုခံစားချင်တဲ့သူတွေရှိပါတယ်။ တချို့ကျတော့လည်း ကိုယ်ကြောက်ပေမဲ့ တမင်သက်သက် မကြည့်ရသေးတဲ့သူတွေကို Spoiler တွေလိုက်ပြော ပြတတ်တဲ့သူတွေလည်းရှိပါတယ်။ ဒါက တစ်ဖက်သူကို လေးစားသောအားဖြင့် မလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

စာရေးသူရဲ့ Spoiler အတွေ့အကြုံ

ရုပ်ရှင်အရမ်းစိတ်ဝင်စား ကြည့်တတ်တဲ့ကျော့်အတွက်တော့ Spoiler တွေလည်း တော်တော်မိဖူးပါတယ်။ အခု ရုပ်ရှင် page လုပ်နေတော့ ပိုဆိုးတာပေါ့ 😀 ။ အနီးစပ်ဆုံးတစ်ခုကတော့ Star Wars The Force Awakens မကြည့်ခင် သုံးရက်လောက်ကပါ။ (ဒီစာနောက်မှာ The force awakens မကြည့်ရသေးသူတွေအတွက် spoiler များ ပါပါတယ်) Spoiler မိမှာစိုးလို့ review တွေလည်း တစ်ပုဒ်မှမဖတ်၊ Facebook တောင် ဓာတ်ရှင်ကိစ္စကလွဲပြီး မသုံးပါဘူး။ နောက်ပျင်းလို့ Google+ မှာ လူရှင်းတယ်ဆိုပြီး ၅ မိနစ်လောက် တက်သုံးလိုက်တာ “ရုပ်ရှင်တွေထဲမှာ ဘယ်ဇာတ်ကောင်သေတာ အခံစားရဆုံးလဲ” ဆိုတဲ့ မေးခွန်းနဲ့ အောက်က voting list ရဲ့ထိပ်ဆုံးမှာတွေ့လိုက်ရတာက ကိုယ်တော်ကြီး Han Solo ပါ။ သူသေတဲ့ဇာတ်ဝင်ခန်းက သူ့ပုံကိုတောင် cam version screenshot နဲ့ထည့်ထားသေးသဗျ။ မြင်မြင်ချင်း scroll လုပ်လိုက်နိုင်ပေမဲ့ သွားရော။ Solo သေသွားတယ်ဆိုပြီး ကြည့်ပေတော့ တစ်ကားလုံးသိသိကြီးနဲ့။

နောက်တစ်ခုက လူတစ်ယောက် ကျော့်ကို သူကြည့်ထားတဲ့ရုပ်ရှင်ညွှန်းတာပါ။ အဲကားနာမည်က Pandorum ဆိုတဲ့ သိပ္ပံကားပါ။ သို့ပေမဲ့ သူအဲအချိန်က နာမည်မေ့နေလို့ မပြောပြနိုင်ဘူး။ အဲဒါကြောင့် ရုပ်ရှင်အကြောင်းပဲပြောပြပါတယ်။ (Spoilers တွေ နောက်မှာပါပါတယ်)။ ရုပ်ရှင်က လူတွေကမ္ဘာပျက်ခါနီးဖြစ်လို့ လူတွေနေနိုင်တဲ့ဂြိုလ်ကို ယာဉ်ပျံအကြီးကြီးစီးပြီး နှစ်ရာပေါင်းများစွာ အိပ်စက်ပြီးသွားရာက ယာဉ်ပေါ်မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေအကြောင်းပါ။ အဲမှာ သူပြောတာက “သူတို့ယာဉ်ပျံက တကယ်တော့ ရေအောက်ရောက်နေတာကွာ၊ ဒါကိုသူတို့ကမသိဘူး။ အဲမှာ ယာဉ်ပျံ ပြတင်းပေါက် အကာတွေဖွင့်လိုက်တော့ မှန်တွေကတစ်ဆင့် ဘာမှမမြင်ရဘူး။ ကြယ်တွေ လတွေလည်း မမြင်ရတော့ သူတို့ဘယ်ရောက်နေမှန်း မသိဘဲ ပြာယာတွေခတ် ကြောက်ကုန်တာ” ဆိုပြီးတော့ပါ။ တကယ်တမ်း ရုပ်ရှင်ကြည့်လိုက်တော့ အဲဒါ တကယ့် ဇာတ်သိမ်းခန်းက အကွက်အကြီးကြီးပါခင်ဗျ။ ဇာတ်လိုက်နဲ့ လူဆိုး ထိပ်တိုက်တွေ့နေရာက ပြတင်းပေါက်မှာ ကြယ်တွေဘာတွေ မမြင်ရတော့လို့ အကုန် ကြောက်လန့်နေတဲ့အခန်း။ အဲအချိန်ကိုယ်ကလည်း လိုက်ပြီး လန့်နေ တွေးနေရမှာ ဘယ်ရောက်နေလဲဆိုပြီး။ ဒါပေမဲ့ ဒီကသိနေမိလေတော့ ရေထဲမှာလေ ငတုံးတွေရ ဆိုတာမျိုးတွေဖြစ်နေရော။

….

Datshin ပိတ်သတ်များသို့ မေတ္တာရပ်ခံချက်

ကျွန်တော်တို့ Datshin page ဟာ ရုပ်ရှင် page ကြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Post တွေထဲမှာ Spoiler တွေကို အတတ်နိုင်ဆုံး ရှောင်ပြီးရေးသားတင်ပြပါတယ်။ တကယ်လို့မှ Spoiler ပါတယ်ဆိုရင်လည်း SPOILER ALERT ဆိုပြီး ခေါင်းစဉ်အောက်မှာထည့်ရေးပါတယ်။ စာတွေထဲမှာလည်း Spoiler ပါကြောင်း ထည့်ရေးပါတယ်။ အဲဒီအတွက် ပိတ်သတ်ကြီးကလည်း မကြည့်ရသေးသူတွေအတွက် comment များရေးသားတဲ့အခါမှာ Spoiler ကိုရှောင်ရေးပေးကြပါ။ ဒါမှမဟုတ်ရင်လည်း SPOILER ALERT လို့ရေးပြီးမှ ရေးသားမန့်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

download (2)

တကယ်လို့မှ Spoiler Alert ဆိုတာမပါဘဲ ရုပ်ရှင်ရဲ့ spoiler တွေ၊ အထူးသဖြင့် လက်တလော ပြသနေတဲ့ ရုပ်ရှင်ကားတွေနဲ့ပတ်သက်တဲ့ Post တွေမှာ spoiler များ ရေးခဲ့ရင် မကြည့်ရသေးတဲ့သူများအား လေးစားသောအားဖြင့် အဲဒီ spoiler comment များကို hide/ delete ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျော်တို့ ဓာတ်ရှင်အဖွဲ့သားတွေဟာလည်း page က comment များကို 24/7 လိုက်ပြီး မစစ်နိုင်တဲ့အတွက် အကယ်၍များ spoiler ကြီးများရှိလာပါက page ကို message နဲ့ report ပြုလုပ်နိုင်ပါတယ်။

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *